
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း လက်ပံချောင်းရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၃ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီက ကလေးမြို့ အမြောက်တပ်ကနေ လက်ပံချောင်းရွာဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ရွာအတွင်းမှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် မောင်ဂျိုးဇက်ဖ်မာလ်ဆော်လှူအာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကလေးဒေသခံတဦးက “သူတို့အိမ်က မက်သဒစ် ဘုရားကျောင်းနားမှာ၊ သူ့ဦးလေးတွေနဲ့ အတူ ဝက်ခြံဆောက်နေရင်းက သူတို့ဆီကို လက်နက်ကြီးက ကျတာ။ ကလေးတော့ ဆေးရုံမှာ ဆေးကုရင်း ဒဏ်ရာပြင်းလို့ ၁၂ နာရီခွဲမှာ ဆုံးသွားတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့သူတွေက ကလေးမြို့က ဆေးရုံမှာ ဆေးကုနေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ မောင်ဂျိုးဇက်ဖ်မာလ်ဆော်လှူအာရဲ့ အလောင်းကိုတော့ ဇန်နဝါရီ ၄ ရက်နေ့မှာ ချင်းရိုးရာထုံးစံအတိုင်း သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ လက်ပံချောင်းရွာက ပြည်သူတွေနေတဲ့ဆီကို လက်နက်ကြီးနဲ့ ဘာကြောင့်ပစ်ခတ်တယ် ဆိုတာတော့ မသိကြရဘူးလို့ ဒေသခံတွေက ပြောဆိုကြသလို စစ်ကောင်စီကလည်း တစုံတရာ ထုတ်ပြန်တာမျိုး မရှိပါဘူး။
၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးမြို့ အနောက်တောင်ပိုင်းက စီးစံရွာမှာ ဒေသခံလင်မယား ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ဘေး၊ မီးဘေးသင့် ပြည်သူတွေအတွက် စောင်တွေနဲ့ စစ်ဘေးသင့်ကျောင်းမှာ ပညာသင်ကြားပေးနေတဲ့ CDM ဆရာ ဆရာမ ဦးရေ ၁၀၀ ကျော်အတွက် ကျောင်းဝတ်စုံတွေကို S&C အဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
S&C အဖွဲ့က ဒီပဲယင်းမြို့ထဲက စစ်ဘေးနဲ့ မီးဘေးသင့်ပြည်သူ အယောက် ၅၀၀ နီးပါးအတွက် အနွေးထည်နဲ့ စောင်တွေ ကျပ်သိန်း ၁၄၀ ဖိုးခန့် လှူဒါန်းဖို့ စီစဥ်ထားကာ မူးကမ်းရွာနဲ့ နှမျှားရွာမှ ပြည်သူ ၂၇၁ ဦးအတွက် နှစ်ထပ်စောင်နဲ့ စစ်ဘေးသင့်ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာ ဆရာမ အယောက် ၁၀၀ အတွက် ကျောင်းဝတ်စုံတွေ လှူဒါန်းထားပြီးဖြစ်သလို တခြားရွာတွေကို သွားရောက်လှူဒါန်းဖို့ လုပ်ဆောင်နေတယ်လို့ S&C မှ ကိုစိုးမိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
“အညာဆောင်းကို အန်တုနိုင်ဖို့ပေါ့၊ အနွေးထည်နဲ့ စောင် သိန်း ၁၄၀ ဖိုး လှူဒါန်းသွားမှာပါ။ မူးကမ်းရွာနဲ့ နှမျှားရွာကို ပေးဝေပြီးပြီ။ မူးကမ်းရွာဆို အိမ်ခြေ ၁,၀၀၀ နီးပါးရှိတာ ၇၀၀ လောက်က မီးထဲပါသွားတယ်။ အခုလည်း စစ်ကြောင်းလာရင် ထွက်ပြေးလိုက်၊ စစ်ကြောင်းမရှိတော့ရင် အိမ်ပြန်လာလိုက်နဲ့ အတည်တကျ မဖြစ်သေးပါဘူး။ ရွာက အခုထိ နာလန်မထူသေးဘူးပေါ့ဗျာ၊ အခု တခြားရွာတွေကို ဆက်လက်ပေးဝေဖို့ စီစဥ်နေတယ်။”
S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ စစ်ဘေးသင့်ပြည်သူတွေနဲ့ မီးဘေးသင့် ပြည်သူတွေအတွက် နေအိမ်တွေ ဆောက်လုပ်ပေးတာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းတာ စတာတွေ ဆောင်ရွက်ပေးနေတဲ့အပြင် စစ်ဘေးသင့် ကလေးငယ်တွေအတွက် စာကျောင်းတွေ ဖွင့်လှစ်ကာ ပညာဒါနပြုလုပ်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။










