
ပင်လယ်ကွေ့ဒေသနိုင်ငံတွေက ခေါင်းဆောင်တွေဟာ အီရန်စစ်ပွဲမှာ သူတို့ နိုင်ငံတွေ ရှေ့တန်း ရောက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC)ရဲ့ အထူးအစည်းအဝေးအတွက် ဧပြီ ၂၈ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ကို ရောက်လာကြပါတယ်။
လွန်ခဲ့တဲ့ ၂ လက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်ရင်း စစ်ပွဲစတင်ခဲ့ပြီးတဲ့နောက်ပိုင်း ပင်လယ်ကွေ့နိုင်ငံတွေ ရင်ဆိုင်ခဲ့ရတဲ့ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှု ထောင်ပေါင်းများစွာကို တုံ့ပြန်ဖို့ အစည်းအဝေးက ရည်ရွယ်ထားတယ်လို့ ပင်လယ်ကွေ့အရာရှိတယောက်က ပြောပါတယ်။
စစ်ပွဲကြောင့် GCC နိုင်ငံ ၆ နိုင်ငံစလုံးရဲ့ အဓိက စွမ်းအင် အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ ရတာပါ။
အမေရိကန်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေနဲ့ တခြား အရပ်ဘက် အခြေခံအဆောက်အအုံတွေအပြင် စစ်ဘက်အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထားခံခဲ့ရပါတယ်။
အမေရိကန်နဲ့ အီရန်တို့ ဧပြီ ၈ ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးကတည်းက တိုက်ခိုက်မှုတွေ လျော့ပါးသွားပေမဲ့ ပင်လယ်ကွေ့အစိုးရတွေက ပြန်ဖြစ်လာမဲ့ ပဋိပက္ခတွေကို စိုးရိမ် နေကြဆဲပါ။
ပဋိပက္ခကို အဆုံးသတ်ဖို့ အမြဲတမ်းသဘောတူညီချက်အတွက် အမေရိကန်-အီရန် ဆွေးနွေးမှုတွေ ကလည်း ခုအချိန်အထိ အပြီးသတ် မပြီးပြတ်သေးပါဘူး။
Source:Reuters











