
ရန်ကုန်တိုင်းထဲက တာမွေ၊ ဗဟန်း၊ ရန်ကင်းနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ ပြီးခဲ့တဲ့ဒီဇင်ဘာ လကုန်ပိုင်းလောက်ကစပြီး ရပ်ကွက်တွေရဲ့ လမ်းအတွင်းမှာ တပ်ဆင်ထားတဲ့ ဝိုင်ဖိုင်စက်တွေရဲ့ ဘက်ထရီတွေ ခိုးယူခံရတာပိုများလာတယ်လို့ ဝိုင်ဖိုင်ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်သူတွေနဲ့ ဝိုင်ဖိုင်သုံးစွဲသူတွေဆီကနေ သိရပါတယ်။
အရင်က ဝိုင်ဖိုင်စက်တွေကနေ ဘက်ထရီခိုးယူခံရတာတွေ ရှိပေမဲ့ အခုလို နေ့တိုင်းနီးပါး ခိုးယူခံရတာမျိုး မရှိခဲ့ဘူးလို့ ဝန်ထမ်းတဦးက ပြောပါတယ်။
“လမ်းတွေထဲမှာတပ်ထားတဲ့ စက်တွေမှာ နေ့တိုင်း ဘက်ထရီတွေ ဖြုတ်ခိုးခံရတယ်။ လူသွားလူလာ သိပ်မရှိတဲ့ လမ်းတွေမှာ ပိုဖြစ်တယ်။”
အခုလို ဝိုင်ဖိုင်စက်တွေက ဘက်ထရီတွေ ခိုးယူခံရတာကြောင့် စက်ချို့ယွင်းမှုတွေဖြစ်ပြီး ဝိုင်ဖိုင်အသုံးပြုသူတွေ အခက်အခဲဖြစ်နေတယ်လို့ တာမွေမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“စက်တွေက နေ့တိုင်းပြင်နေရတော့ သုံးရတယ်မရှိပါဘူး။ ခိုးတဲ့သူတွေကလည်း ကြိုးတွေကအစ ဖြုတ်ခိုးကြတာ။”
အဆိုပါ ဘက်ထရီခိုးသူတွေဟာ ညပိုင်းအချိန်တွေမှာ ခိုးယူတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရန်ကင်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“ည ၁ နာရီလောက် လူအိပ်တဲ့အချိန်တွေမှာ အုပ်စုဖွဲ့ပြီး ခိုးတာ၊ လှေကားတွေလည်း ပါတယ်။”
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ လျှပ်စစ်မီးကြိုးတွေနဲ့မလွတ်တဲ့ ဝိုင်ဖိုင်ကြိုးတွေကို စည်ပင်ဝန်ထမ်းတွေက ဖြတ်ချခဲ့တာကြောင့် ဝိုင်ဖိုင်အသုံးပြုသူတွေ အခက်အခဲ ဖြစ်ခဲ့ပါတယ်။