DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှုကြောင့် ပြည်သူများ အခက်အခဲ ပိုကြုံတွေ့
ဝေဝေ
·
November 3, 2026
Photo: DVB
Photo: DVB
Donate to DVB

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ တနာရီ ကျပ် ၅၀၀ စတင်ကောက်ခံနေတာကြောင့် ပြည်သူတွေ အခက်အခဲ ပိုကြုံနေကြပြီး အထွေထွေ အကျပ်အတည်းကြားမှာ ယာဉ်ရပ်နားခ ထပ်မံ ပေးဆောင်ရတာဟာ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း ထောက်ပြနေကြပါတယ်။

ရန်ကုန်မြို့တွင်း စည်ပင်သာယာနယ်နိမိတ်အတွင်း သတ်မှတ်နေရာတွေမှာ နိုဝင်ဘာ ၁ ရက်ကစပြီး ယာဉ်ရပ်နားခ ကောက်ခံနေတဲ့ အစီအစဉ်ကြောင့် ပြည်သူတွေအကြား ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ယာဉ်ရပ်နားခအဖြစ် တနာရီကို ကျပ် ၅၀၀ ကောက်ခံမှာဖြစ်ပြီး မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ သတ်မှတ်ထားတာပါ။

တနာရီကျော်ပါက မိနစ် ၃၀ အတွက် ကျပ် ၃၀၀ နဲ့ မိနစ် ၆၀ အတွက် ကျပ် ၅၀၀ ထပ်မံပေးဆောင်ရမယ်လို့ စစ်အာဏာရှင်အစိုးရလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီအစီအစဉ်ကို ကမ်းနားလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိနဲ့ ရာဇဓိရာဇ်လမ်းကနေ အောင်ရတနာလမ်းအထိ ဇုန် ၈ ခုခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ လုပ်ငန်းတွေကိုလည်း တင်ဒါခေါ်ယူ လုပ်ကိုင်ခွင့်ပေးထားတာကြောင့် တင်ဒါအောင်တဲ့လုပ်ငန်းတွေ အနေနဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်ကောက်ခံနေတာကြောင့် အဆင်မပြေမှုတွေ ဖြစ်စေကြောင်းနဲ့ အခွန်နှစ်ထပ် ပေးဆောင်နေရကြောင်း ပြည်သူတယောက်က ပြောပါတယ်၊

“ကိုယ့်အိမ်ရှေ့ ကိုယ်ရပ်လည်း ၅၀၀ ကောက်တယ်၊ ညနေ ၆ နာရီထိကို။ နေ့ကုန်ရပ်ထားလည်း တနေကုန် လာကောက်နေတယ်။ ရပ်ကွက်နဲ့ လမ်းကြိုလမ်းကြားထဲတော့ မလာသေးဘူး။ အခုက စည်ပင်နယ်နိမိတ်ပဲ လက်ရှိ ရှိသေးတယ်။ သူက တင်ဒါပေးလိုက်တာ၊ တင်ဒါသမားတွေကတော့ သိတဲ့အတိုင်းပဲပေါ့။ နောက် တင်ဒါသမားကတော့ သူတို့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ၊ ဒီနေ့ ပါးစပ်ကပြောတာ နောက်နေ့က တန်းကောက်တော့တာပဲ။ နားလှည့်ပါးရိုက်နဲ့ လုပ်နေကြတာ။ ကားဆိုတာက သူတို့ဆီမှာ ကညနမှာ ကားပါကင်ကြေးတွေ အခွန်တွေဆိုတာ အကုန်ဆောင်ပြီးသားလေ။ ဒါကို ပေးထားတဲ့အခွန်အပြင်ကို နောက်ထပ် ထပ်ကောက်တယ်ဆိုတော့ စဉ်းစားကြည့်လေ၊ ပြည်သူတွေက သေဖို့ရာပဲရှိတယ်။ နောက်ဆို လူတွေပါ လမ်းလျှောက်ရင် ပိုက်ဆံကောက်မလား မသိဘူး။”

အခုလို ယာဉ်ရပ်နားခ ကောက်ခံတာဟာ ကားပိုင်ရှင်တွေအတွက် အပိုကုန်ကျစရိတ် ဖြစ်လာသလို စီးပွားရေး အကျပ်အတည်းနဲ့ လောင်စာဆီ အခက်အခဲတွေကြား ရုန်းကန်နေရတဲ့ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာစေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ပြည်သူတယောက်က “တနာရီ ၅၀၀ စဉ်းစားကြည့်။ တနေကုန် ဒီကား ရပ်ထားရင် အခုမနက် ၈ နာရီကနေ ၆ နာရီ ဆိုလို့ရှိရင် စုစုပေါင်း ၅,၀၀၀။ ဒီကား မသွားလည်း ကုန်တယ်၊ သွားလည်း ကုန်တယ်၊ အခုက အဲလိုအခြေအနေမျိုး ဖြစ်နေပြီ။ ဆီက အလုံအလောက်မပေးနိုင်တဲ့ အခါကျတော့ ကားကို ရပ်ထားရတယ်။ အဲ့တော့ ရပ်ထားပြန်တော့လည်း ရပ်ထားတဲ့အတွက်ကို ပိုက်ဆံထပ်ကောက်တယ်။ ဘာဖြစ်နေလဲဆိုတော့ ပြည်သူကို ပိုပြီး ကျပ်တည်းအောင် လုပ်တာပဲ။ ပြည်သူဟာ အခုဆို မိအေး နှစ်ခါမကတော့ဘူး၊ သုံးခါ လေးခါလောက် နာနေရတဲ့လူတွေ ဖြစ်နေပြီ။ ပြည်သူကို ပိုကျပ်တည်းအောင်၊ ပိုဒုက္ခရောက်အောင် ဒီအစိုးရက သူတို့ရဖို့အတွက်ကိုပဲ သူတို့ ကြည့်ပြီးတော့ ပြည်သူကို ဒုက္ခမျိုးစုံပေးနေတဲ့ အစိုးရ။ နောက်တခုက ဘာဖြစ်လာမလဲ ဆိုလို့ရှိရင် ဒီလမ်းမကြီးတွေကိုပဲ ကောက်တယ်ဆိုလို့ရှိရင် လမ်းမကြီးမှာ ကားက မရပ်တော့ဘဲနဲ့ အကုန်လုံး လမ်းသွယ်တွေထဲမှာ အကုန်လုံး ပြုံပြီး ကားရပ်တဲ့အခါကျတော့ အဲ့ကားရပ်တဲ့ ပြဿနာကပါ ထပ်ဖြစ်လာမှာ။ ဒါ အရှင်းဆုံးပြောရရင် ပြည်သူကို ပြည်သူအချင်းချင်း ရန်တိုက်ပေးတာနဲ့ အတူတူပဲ ဒီကိစ္စက” လို့ ပြောပါတယ်။

တဖက်မှာတော့ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုနဲ့ လမ်းပိတ်ဆို့မှုတွေ မဖြစ်ပေါ်စေရေးအတွက် ယာဉ်သွားလာမှု ထိန်းချုပ်ရေး ဗဟိုစင်တာကနေ လမ်းဆုံ ၁၅၄ နေရာမှာ CCTV ကင်မရာ ၆၆၄ လုံး တပ်ဆင်ချိတ်ဆက်ပြီး စောင့်ကြည့်ထိန်းချုပ်နေတယ်လို့ စစ်အာဏာရှင်ခန့် ပို့ဆောင်ရေးဒုဝန်ကြီး ဦးအောင်မြိုင်က ပြည်သူ့လွှတ်တော်မှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013