
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်တပ်က အလုပ်လက်မဲ့တွေကို တလ ၇၀,၀၀၀ ပေးမယ်ဆိုကာ စည်းရုံးနေပြီး ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်တပ်ဆင်ပေးဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့ခံတဦးက “ဒီလထဲမှာ စည်းရုံးနေတာ ပိုစိတ်လာတယ်။ စစ်ကောင်စီကနေ လမ်းညွှန်တာလို့ ပြောတယ်။ တလ ၇၀,၀၀၀ ပေးမယ်ဆိုပြီးတော့ စည်းရုံးတာ။ ကိုယ့်ရပ်ရွာမှာပဲ လုံခြုံရေးလုပ်ရမယ် ပြောတယ်။ သေနတ်ပေးထားမယ်ပြောပြီး စည်းရုံးနေတာပါ။ လက်ရှိတော့ အလုပ်အကိုင် မရှိတဲ့သူတွေ သွားစာရင်းပေးတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။
ပုသိမ်မြို့နယ်ထဲမှာ ရပ်ကွက်နဲ့ကျေးရွာ ၁ ခုကို အင်အား ၆၀ နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ အုပ်ချုပ်ရေးမှူးတွေက ဦးဆောင် လူစုဆောင်းပြီး စစ်မှုထမ်းဟောင်းတွေက စစ်သင်တန်းပေးတာ၊ သေနတ်ဖြုတ်၊ တပ်တာနဲ့ ပစ်ခတ်နည်းတွေကို သင်ပေးမှာလို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတဦးက “'စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲမှာ အလုပ်အကိုင်မရှိ၊ ပုံမှန်ဝင်ငွေမရှိသူတွေဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ အရန်မီးသတ်အဖွဲ့ဝင်တွေ ပါဝင်ကြတာ တွေ့ရတယ်။ လက်နက်တွေ ထုတ်ပေးပြီးတာနဲ့ လိုအပ်ရင် လိုအပ်သလို စစ်တိုက်ရမယ် ပြောတယ်” လို့ ပြောပါတယ်။
ပုသိမ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း စစ်ကောင်စီရဲ့ ဗိုလ်မှူးဆိုသူ ကိုယ်တိုင်ကွင်းဆင်းပြီး အမှတ် ၁၂ ရပ်ကွက်၊ ကြက်ခတ်ကုန်း၊ အမှတ်၇ ရပ်ကွက် ရာမည၊ ရှောပြာ စတဲ့ ကျေးရွာတွေနဲ့ ကျေးရွာတချို့က ပြည်သူစစ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး လက်နက်တပ်ဆင်ပေးရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းက ကျန်မြို့နယ်တွေမှာလည်း စစ်ကောင်စီက ပုံမှန် အလုပ်အကိုင် မရှိကြတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ၊ သွေးသောက်အဖွဲ့ဝင်တွေ၊ မဘသတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင် တချို့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကို ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။