ရုရှားက ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေနဲ့ ကြိုတင်သတိပေးချက်တွေကို အမေရိကန်က ပြန်ပေးလို့ ယူကရိန်းအနေနဲ့ ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အောက်တိုဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူးတွေနဲ့ ဆွေးနွေးပြီးတဲ့နောက် နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇလန်းစကီးက ပြောလိုက်တာပါ။
ယူကရိန်းက ရုရှားနဲ့စစ်ပွဲမှာ မရှုံးပေမဲ့ ယူကရိန်းပြည်သူတွေ ဆုံးရှုံးနေရလို့ ငြိမ်းချမ်းရေးရဖို့ နည်းလမ်းတွေ ရှာသွားမယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
စစ်ပွဲကို အဆုံးသတ်နိုင်မဲ့ အဓိကအချက်တွေကို ခေါင်းဆောင်တွေပါတဲ့ သုံးပွင့်ဆိုင် အစည်းအဝေးတခုမှာ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
ဇလန်းစကီး၊ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်၊ ဖင်လန်သမ္မတ အလက်ဇန္ဒား စတပ်ဘ် တို့နဲ့အတူ ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်ရာမှာ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ခဲ့တယ်လို့ နော်ဝေဝန်ကြီးချုပ် ယိုးနာ့စ်ဂါးစတိုရေ့က ပြောခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟဂ်ဆက်သ် ကလည်း ယူကရိန်းက အီလွန်မတ်စ်ခ်ရဲ့ Starlink ဂြိုဟ်တုကွန်ရက်ကို သုံးနိုင်ရေး သူ့အနေနဲ့ ရပ်ဆိုင်းထားတာ မရှိဘူးလို့ အစ္စရေး ခရိးစဉ်အတွင်း သတင်းထောက်တွေကို ပြောပါတယ်။
လိုက်နာရမဲ့ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ ရှိနေပြီး ဒီစည်းကမ်းချက်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချမှတ်ပိုင်ခွင့်မှာ Starlink ဆီမှာသာ ရှိတယ်လို့လည်း ဟဂ်ဆက်သ်က ပြောပါတယ်။
သူတို့အနေနဲ့ ဘယ်လိုညွှန်ကြားချက်မျိုးကိုမှ ထုတ်ပြန်မထားဘဲ ယူကရိန်းနိုင်ငံသားတွေ အောင်မြင်မှုရစေဖို့ အမှန်တကယ် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်လို့လည်း ဟဂ်ဆက်သ်က ပြောပါတယ်။
Source: Reuters











