
ဘိုလီးဗီးယားနိုင်ငံရဲ့ အောက်လွှတ်တော်က နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ခြွင်းချက်အခြေအနေတွေကို စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းညှိမဲ့ ဥပဒေသစ်တရပ်ကို အတည်ပြုလိုက်ပါတယ်။
နိုင်ငံအတွင်း သီတင်းပတ်တွေ အကြာကြီး ဖြစ်နေခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ လမ်းပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရချိန်မှာ သမ္မတ ရိုဒရီဂိုပက်ဇ်က ထူးခြားတဲ့ အစီအမံတွေ ချမှတ်ဖို့ ပိုရှင်းလင်းတဲ့ ဥပဒေဘောင်တခု ရခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
၁၃ နာရီကြာ အစည်းအဝေးအတွင်း အောက်လွှတ်တော်ဟာ လမ်းပိတ်ဆို့ ဆန္ဒပြမှုတွေကြောင့် သေဆုံးခဲ့သူ ၉ ယောက်ထက်မနည်းအတွက် တမိနစ် ငြိမ်သက် ဂါရဝပြုခဲ့ပါတယ်။
မေလမှာ အလုပ်သမားသပိတ်နဲ့ စခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့တဲ့အထိ တင်းမာမှု မြင့်တက်လာခဲ့တာပါ။
လူဦးရေ ၂ သန်းလောက်နေတဲ့ လာပဲ့ဇ်နဲ့ အယ်လ်အော်တိုမြို့တွေကို ဝင်မရအောင် ၃၇ ရက်ကြာ ပိတ်ဆို့အပြီး လွှတ်တော် ၂ ရပ်စလုံးမှာ ဒီဥပဒေဟာ အများစုထောက်ခံမှု ရခဲ့ပါတယ်။
ဥပဒေသစ်က ခြွင်းချက် အခြေအနေကို ချက်ချင်းမပြဋ္ဌာန်းပေမဲ့ ဘိုလီးဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်နဲ့အညီ ၇၂ နာရီအတွင်း အောက်လွှတ်တော်ဆီ အတည်ပြုချက် ရယူဖို့ ပေးပို့ရမဲ့ အမြင့်ဆုံးအမိန့်နဲ့အတူ အစိုးရကို လုပ်ပိုင်ခွင့် ပေးထားပါတယ်။
အစီအမံတွေဟာ ရက်ပေါင်း ၉၀ အထိ ကြာရှည်နိုင်ပြီး ဥပဒေပြုအမတ်တွေက ထောက်ခံရင် သက်တမ်းတိုးနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
အဓိကပြဋ္ဌာန်းချက်တခုက ပြည်တွင်းမငြိမ်မသက်မှုတွေအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ထိန်းညှိပေးထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက လွှမ်းမိုးခံရရင် ရဲတပ်ဖွဲ့ကို ပံ့ပိုးဖို့၊ မဟာဗျူဟာကျတဲ့ အခြေခံ အဆောက်အအုံတွေကို ကာကွယ်ဖို့၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စင်္ကြံတွေကို လုံခြုံစေဖို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ခွင့်ပြုထားပါတယ်။
ဇွန် ၆ ရက်မှာ ဆန်ဂျူလီယန်မြို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတခု ဖွင့်ဖို့ ကြိုးပမ်းရာမှာ ရဲအရာရှိ ၆ ယောက် ပစ်သတ်ခံခဲ့ရပါတယ်။
ဆန္ဒပြမှုတွေ ပိုပြင်းထန်လာပြီး ထောက်ပံ့ရေး ကွင်းဆက်တွေ ပြတ်တောက်နေချိန်မှာ အစိုးရအတွင်း တရားဥပဒေစိုးမိုးရေး ပြန်လည်ထူထောင်နိုင်စွမ်းအပေါ် စိုးရိမ်မှုတွေ တိုးလာတာကို ဒီအစီအမံက ထင်ဟပ်စေပါတယ်။
မဲ ၅၅ ရာခိုင်နှုန်းနဲ့ အနိုင်ရပြီးတဲ့နောက် ၇ လလောက် ရာထူးတာဝန် ထမ်းဆောင်ခဲ့တဲ့ လက်ရှိ သမ္မတ ပက်ဇ်ဟာ ရာထူးကနေ နုတ်ထွက်ဖို့ သမဂ္ဂတွေနဲ့ သမ္မတဟောင်း အီဗိုမိုရာလက်စ်ကို ထောက်ခံသူတွေက တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကြောင့် ဖိအားတွေ တိုးနေပါတယ်။
Source: Reuters










