
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဇန်နဝါရီ ၁ ရက် ည ၇ နာရီလောက်ကစပြီး မောင်တောမြို့ ကြောင်နဘေရွာနဲ့ ကိုင်းကြီးရွာနားက စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်စခန်းကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ မောင်တောနယ်ခြားစောင့်စခန်းဟာ နခခ-၆ လက်အောက်ခံ စခန်းဖြစ်ပြီး ရဲတပ်သားအင်အား ၆၀ လောက်ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ကြောင်နဘေကျေးရွာနဲ့ ကိုင်းကြီးကျေးရွာက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ကိုင်းကြီးကျေးရွာဟာ အိမ်ခြေ ၇၀ ကျော် လူဦးရေ ၅၀၀ ကျော်ရှိကာ ကြောင်နဘေကျေးရွာက အိမ်ခြေ ၄၀ ကျော်နဲ့ လူဦးရေ ၂၅၀ ကျော်ရှိပြီး နီးစပ်ရာ မြိုကျေးရွာတွေမှာ တိမ်းရှောင် နေကြရပါတယ်။
ဒေသခံတဦးက “ပြည်သူတွေက သုံးပန်နကကျေးရွာဘက်မှာ တိမ်းရှောင်ကြရပြီး၊ အရေးပေါ် ထွက်လာတာဆိုတော့ စားနပ်ရိက္ခာတွေမပါလာဘူး၊ အဝတ်အထည်တွေလည်း လိုအပ်နေတယ်၊ မရှောင်တဲ့သူတွေက ရွာထဲမှာ ဗုံးခိုကျင်းတွေ တူးပြီးနေနေရတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာ ရက္ခိုင့်တပ်တော်(အေအေ)က ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီး ရခိုင်ပြည်နယ်နဲ့ ပလက်ဝဒေသအတွင်းက စစ်စခန်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။











