
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ မြန်မာမှတ်ပုံတင်ကိုင်ဆောင်ပြီး ဝင်ရောက်လာတဲ့ ကျားဖြန့်( အွန်လိုင်းလိမ်လည်) လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား လူငယ် ၂ ဦး ဖမ်းဆီးရမိကြောင်း မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
ဇန်နဝါရီလ ၁ ရက် ညနေ ၄ နာရီလောက်က ထိုင်းစစ်တပ် ထပ်ကျောက်တာ့ခ်နဲ့ ဖာမိုင်းစစ်ကြောင်းက ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက်လုံခြုံရေးကင်းလှည့်စဉ် မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ် ပါလိုင်ရွာဘက်ကနေ ထိုင်းဘက်ခြမ်း မယ်ဆိုင်မြို့နယ် ကော်ချန့်အုပ်စု ပါဆတ်ငမ်းရွာဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းမိတာလို့ ဆိုပါတယ်။
သူတို့နှစ်ဦးလုံး အသက် ၂၀ ကျော်ရွယ် လူငယ်ဖြစ်ပြီး မြန်မာမှတ်ပုံတင်တုတွေ ကိုင် ဆောင်ထားကြောင်း၊ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်နဲ့ ဇီချွမ်ပြည်နယ်ကနေ အလိမ်ခံရပြီး တာချီလိတ်က ကျားဖြန့်လုပ်ငန်းမှာ လာလုပ်နေစဉ် အဖမ်းအဆီးများတာနဲ့ ထိုင်းနိုင်ငံထဲ ထွက် ပြေး လာတာလို့ ဆိုပါတယ်။
ထိုင်းတာဝန်ရှိသူတွေကတော့ သူတို့ ၂ ဦးဟာ ဗီဇာအတုလုပ်ပေးတဲ့အဖွဲ့နဲ့ရော၊ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်ဒေသထဲကလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ် ။
သူတို့ကို ဆက်လက်စစ်ဆေးပြီး လဝကဥပဒေနဲ့အရေးယူဖို့ ကော်ချန့်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source/ Photo- Maesaipress










