DVB Logo
Home
မြန်မာသတင်း
Standard Army တည်ဆောက်နိုင်ခဲ့ပြီဟု MNDAA စစ်ဦးစီးချုပ်ပြော
DVB
·
January 2, 2024
Standard Army တည်ဆောက်နိုင်ခဲ့ပြီဟု MNDAA စစ်ဦးစီးချုပ်ပြော
Donate to DVB

ကိုးကန့်တပ်ဖွဲ့ကို စနစ်ကျတဲ့ Standard Army အဖြစ် တည်ဆောက်နိုင်ခဲ့ပြီး ၆၅ ရက်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၂၅၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီကို ပြည်သူ့စစ်ပွဲရဲ့ သမုဒ္ဒရာထဲ  နစ်မျောစေခဲ့တယ်လို့ MNDAA စစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP) အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖုန်တဲရင်က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးသဝဏ်လွှာမှာ ပြောကြားလိုက်တာပါ။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ မူပန်(သိန္နီ)၊ ကွတ်ခိုင်၊  မုံးကိုးနဲ့ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီရဲ့ တပ်စခန်း အကြီးအသေးနဲ့ အရေးကြီး စစ်ဆေးရေးဂိတ်တွေ စုစုပေါင်း ၂၅၀ ကျော်၊ လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရမိပြီး  စစ်သုံ့ပန်းတွေ ထောင်နဲ့ချီ ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်စပ်ဂိတ် ၅ ခု သိမ်းပိုက်နိုင်ခဲ့ပြီး ဆိုင်ဘာမှုခင်းလုပ်ဆောင်တဲ့ နေရာ ၃၀၀ ကျော်ကို ဖြိုခွဲနိုင်ခဲ့ကာ ဆိုင်ဘာမှုခင်းလုပ်ငန်းရှင် ထောင်နဲ့ချီ ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ လွှဲအပ်ပေးနိုင်ခဲ့သလို ဆိုင်းဘာမှုခင်းနဲ့ဆက်နွှယ်တဲ့ တရုတ်နိုင်ငံသား ၄၀,၀၀၀ ကျော်ကို တရုတ်ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် ပြစ်မှုတွေ ဝန်ခံစေခဲ့တယ်လို့ ဦးဖုန်တဲရင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကွတ်ခိုင်ခရိုင်၊ မူပန်(သိန္နီ)ခရိုင်ရဲ့ နေရာအများစုနဲ့ မုံးကိုးခရိုင်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်ခရိုင်မှာ လောက်ကိုင် ဒကစ (မီရှင်းကုတ်) နဲ့ နန်ထင်းမိန်တောင် စတဲ့နေရာတွေကလွဲလို့ စော်ဘွားခေတ်ကတည်းက လက်လွှတ်ခဲ့ရတဲ့ သမိုင်းဝင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့လည်း ကိုးကန့်ခေါင်းဆောင်က ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူလိုက်လို့ ပြည်သူလူထုက အုံကြွဆန့်ကျင်လာပြီး တချိန်တည်းမှာ စစ်ကောင်စီဟာ ပြည်သူ့ထောက်ခံမှု လုံးဝကျဆင်းသွားခဲ့ရကြောင်း၊ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဒေသအသီးသီးမှ တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီကို ပြည်သူ့စစ်ပွဲရဲ့ သမုဒ္ဒရာထဲသို့ နစ်မျောစေခဲ့တယ်လို့လည်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး အတိုင်းအတာအရ ဒီမိုက‌ေရစီလိုလားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်း တရပ်လုံးက အားပေးထောက်ခံခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးသမိုင်းရေစီးကြောင်း တလျှောက်လုံးမှာ မတွေ့မြင်ဘူးခဲ့တဲ့ အောင်မြင်မှုတွေကို ရရှိနိုင်ခဲ့လို့ လွန်စွာအားရဝမ်းမြောက်မိတယ်လို့ ဦးဖုန်တဲရင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး မပြီးဆုံးသေးဘဲ လောက်ကိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဆက်လက်ရှိနေပြီး ဂျက်လေယာဉ်နဲ့ လောက်ကိုင်ဒေသကို အဆက်မပြတ် လာရောက် ဗုံးကြဲတိုက်ခိုက်နေကြောင်းနဲ့ စစ်ဆင်ရေးကြီး အဘက်ဘက်မှ အမြန်ဆုံး အောင်မြင်မှု ရရှိအောင် အတူတကွ ကြိုးပမ်းမယ်လို့လည်း ကိုးကန့်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေက ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောပါတယ်။

ဒါ့အပြင် အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာဖြစ်ပြီး ဒါတွေသာမရှိခဲ့၊ မဖြစ်ခဲ့ရင် နိုင်ငံဟာ များစွာ တိုးတက်နေမှာ ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

Photo-The Kokang

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013