DVB Logo
Home
မြန်မာသတင်း
အိန္ဒိယဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို နေရပ်ပြန်ပို့မည်
DVB
·
January 2, 2024
အိန္ဒိယဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို နေရပ်ပြန်ပို့မည်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝဒေသမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ တိုက်ပွဲအပြီး အိန္ဒိယဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အိန္ဒိယနယ်ခြားစောင့်တပ်က ထိန်းသိမ်းထားပြီး နေရပ်ပြန်ပို့ဖို့ နှစ်နိုင်ငံကြား ဆွေးနွေးနေတယ်လို့ Hindustan Times  အိန္ဒိယ သတင်းစာမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က ပလက်ဝဒေသက စစ်ကောင်စီရဲ့ ပွိုင့် ၃၇၇ စခန်းကို အေအေက သိမ်းပိုက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို မကြာမီရက်ပိုင်းအတွင်း မြန်မာဘက်ကို ပြန်ပို့ဖွယ်ရှိနေတယ်လို့ အိန္ဒိယ သတင်းစာမှာ ရေးပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေကို မီဇိုရမ်က လောင်တလိုင်းခရိုင်မှာ အိန္ဒိယ နယ်ခြားစောင့်တပ် အာသံရိုင်ဖယ်က ထိန်းသိမ်းထားပြီး နေရပ်ပြန်ပို့ဖို့ နှစ်နိုင်ငံကြား ဆွေးနွေးနေတာဖြစ်ပါတယ်။  

အခုတော့ မိုရေး-တမူးဒေသဘက်မှာ စစ်ရေးတင်းမာနေတဲ့အတွက် စစ်ကောင်စီ တပ်သားတွေကို ပြန်မပို့သေးတာလို့ သိရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ  Terah Thantluang က ဒီဗွီဘီကို ပြောပါတယ်။

“ပလက်ဝမြို့နယ်ထဲက ဗျူဟာကုန်းကို အေအေက သိမ်းတော့ စစ်သားတွေ မီဇိုရမ်ထဲကို ဝင်သွားတာ။ အာသံရိုင်ဖယ်ဆီမှာ ခိုလှုံကြတယ်။ အင်အား ၁၅၀ ကျော်ရှိတယ်လို့ သိရတယ်။ စစ်ကောင်စီတပ်သားတွေကို အာသံရိုင်ဖယ်တွေက ဝင်တဲ့နေရာကနေ တပ်ရင်းဌာနချုပ်ကို ပို့ပြီးပြီလို့ ကြားတယ်။ အရင်တိုင်းပဲ အိန္ဒိယစစ်တပ်ကနေ မြန်မာပြန်ပို့ဖို့ အစီအစဉ်ရှိတယ်လို့ သိရတယ်။ ကြားရသလောက် အိန္ဒိယထဲမှာပဲ ရှိတယ်လို့ ကြားရတယ်။ အရင်ကပို့နေကျ မိုရေး-တမူးဘက် အဲ့ဒီနေရာက စစ်ရေးအခြေအနေက တင်းမာနေတယ်။ လောလောဆယ်တော့ မပို့သေးဘူးလို့ ကြားရတာပေါ့။”

စစ်ကောင်စီတပ်သားတွေဟာ အရင် ရိခေါ်ဒါရ်တိုက်ပွဲ၊ သီဘွားနဲ့ လိုင်လင်းပီ တိုက်ပွဲတွေထဲက အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြဖြစ်ပြီး အိန္ဒိယဘက်ကလည်း မိုရေး-တမူး ဒေသဘက်ကနေ မြန်မာဘက်ကို ပြန်ပို့ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့လက ပြင်းထန်ခဲ့တဲ့ နှုံးဘူးနဲ့ ထရွန်အိုင် စခန်းသိမ်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်သားတွေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ကြားရကြောင်း ပလက်ဝဒေသခံတယောက်က ပြောပြပါတယ်။

ပလက်ဝမြို့အနီးအထိ တိုက်ပွဲတွေ ဖြစ်လာတာကြောင့် ဒေသခံ ၃ ပုံ ၁ ပုံလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပလက်ဝဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပြေးသွားတဲ့အဖွဲ့က ပလက်ဝအနီးနားတော့ မဟုတ်ဘူး။ အိန္ဒိယဘက်ကို ထွက်ပြေးတာ ကြားရတယ်၊ ရရာလမ်းကြောင်းနဲ့ပေါ့။ နှုံးဘူး စခန်းသိမ်းတုန်းကလည်း ထွက်ပြေးတာ အများကြီးရှိတယ် ကြားရတယ်။ နှုံးဘူးရယ် ထရွန်အိုင်မှာရယ် ဖြစ်တာရှိတယ်။ တိုက်ပွဲက ပလက်ဝမြို့ပေါ်မှာ တဖက်ကမ်းမှာရော မနေ့ကစဖြစ်နေပြီ။ တဖက်ကမ်းမှာ စခန်းရှိတယ်၊ မနေ့ကစဖြစ်တယ်။ ဒီနေ့တော့ အသံမကြားရသေးဘူး။ စိုးရိမ်တာကတော့ ပလက်ဝပြည်သူ ၃ ပုံ ၁ ပုံ ထွက်ပြေးကြပြီ၊ တိမ်းရှောင်နေကြတယ်။”

ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်လာပြီးတဲ့နောက် ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေအတွင်း အေအေက စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းနဲ့ ရဲစခန်း အပါအဝင် စစ်စခန်းပေါင်း ၁၄၀ ကျော်ကို  သိမ်းပိုက်ထားပါတယ်။

သီဟ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013