DVB Logo
Home
မြန်မာသတင်း
စီးတီးတက္ကစီများကို အဝါရောင်ဘေးလိုင်း ကပ်ခိုင်းသည့်အပေါ် ယာဉ်မောင်းများ ဝေဖန်
DVB
·
January 2, 2024
စီးတီးတက္ကစီများကို အဝါရောင်ဘေးလိုင်း ကပ်ခိုင်းသည့်အပေါ် ယာဉ်မောင်းများ ဝေဖန်
Donate to DVB

ရန်ကုန်ရော နယ်လိုင်စင်ပါမကျန် စီးတီးတက္ကစီတွေအားလုံး အဝါရောင်ဘေးလိုင်း ကပ်ခိုင်းတာဟာ ကုန်ကျစရိတ်ပိုလာပြီး ထူးခြားတဲ့ပြောင်းလဲမှု မရှိတာကြောင့် တက္ကစီယာဉ်မောင်းတွေကြားမှာ ဝေဖန်နေကြပါတယ်။

ရန်ကုန်လိုင်စင်နဲ့ ပြေးဆွဲနေတဲ့ စီးတီးတက္ကစီတွေကို ၂၀၂၃ နိုဝင်ဘာ ၁ ရက်က စတင်ပြီး အဝါရောင် ဘေးလိုင်းစတစ်ကာကပ်ဖို့ YRTC က ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်လိုင်စင်တွေအပြင် နယ်လိုင်စင်နဲ့ စီးတီးတက္ကစီတွေကိုပါ အဝါရောင်စတစ်ကာကပ်ဖို့ ထပ်မံ ညွှန်ကြားလာတာပါ။

တက္ကစီကားတွေအားလုံး တပြေးညီဖြစ်ဖို့ ဘေးလိုင်းအဝါရောင်ကပ်ဖို့ YRTC က ညွှန်ကြားပေမဲ့ ကားသမားတွေအနေနဲ့ကတော့ အဝါရောင်စတစ်ကာကပ်တာ ဘာမှထူးခြားတာမရှိလို့ မကပ်ချင်ကြဘူးလို့ နယ်လိုင်စင်တက္ကစီယာဉ်မောင်းတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ နယ်လိုင်စင်တွေကိုပါ အာ့လိုလုပ်ဖို့ တက္ကစီမှန်သမျှပေါ့၊ နယ်ရော ရန်ကုန်ရော အကုန် ဒီလိုင်းဆွဲဖို့ အဝါကြားလေ၊ အဲလိုမျိုးကြားတယ်။ ဒါပေမဲ့ ဆွဲရမယ် ပြုရမယ်ဆိုပြီး ထုတ်ပြန်တာတော့ မရှိသေးဘူး။ အခုက ဆီဈေးကတက်၊ အလုပ်ကလည်း တော်တန်ရုံ အဆင်မပြေတဲ့ကြားထဲမှာ သူတို့က ထပ်ကပ်ခိုင်းတော့ ကားသမားတွေက ဘယ်လုပ်ချင်ပါ့မလဲ။ ကပ်လည်းမကပ်ချင်ဘူးပေါ့။ သူတို့အတွေးက သူတို့ ဘာကြောင့် လုပ်ခိုင်းလဲတော့ မသိဘူး။ ကားသမားတွေကတော့ ဒီဟာကပ်လို့ ဘာမှမထူးခြားဘူး။ ကပ်လည်း ဘာမှ မထူးခြားဘူး၊ ဒီတိုင်းပဲလေ။”

ရန်ကုန်လိုင်စင်နဲ့ တက္ကစီတွေကို အဝါရောင်စတစ်ကာကပ်ဖို့ ၂၀၂၃ နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်ထိကို အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး အခု နယ်လိုင်စင်နဲ့ တက္ကစီတွေကိုတော့ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်ထိ ထပ်မံတိုးမြှင့် သတ်မှတ်ပေးထားပါတယ်။

စီးတီးတက္ကစီတွေကို အဝါရောင်စတစ်ကာလိုင်း ကပ်ဖို့အပြင် YRTC က သတ်မှတ်ထားတဲ့ စီတီးဘုတ်ကိုလည်း သတ်မှတ်ချက်အတိုင်း ထားရှိဖို့လည်း ညွှန်ကြားတာဖြစ်လို့ ကုန်ကျစရိတ်တွေ ပိုလာတာပဲရှိပြီး ထူးခြားတဲ့ပြောင်းလဲမှုမျိုး မရှိတဲ့အတွက် တက္ကစီ ယာဉ်မောင်းတွေက ဝေဖန်နေကြတာပါ။

“ဘေးအဝါလိုင်းရယ် အပေါ်တက္ကစီဘုတ်ရယ် ဘုတ်လည်းချိန်းခိုင်းထားတယ်။ ဘုတ်က သူတို့ ကညနကရောင်းတဲ့ အဖြူရောင်ဘုတ်အကြီးတွေချည်းပဲ တပ်ရမယ်၊ တခြားတပ်လို့မရဘူး။ တခြားဟာတပ်ရင် သူတို့က ဖမ်းတယ်။ ဖမ်းခံရရင် သူတို့က ဒဏ်ကြေး တသောင်းခွဲ နှစ်သောင်း အနည်းဆုံးတပ်တယ်။ ခု အဲဒါတွေနဲ့ပတ်သက်လို့ အရမ်းကို ဖမ်းနေတယ်။ ကားဆွဲရတာ မကောင်းတဲ့အချိန်မှာ ကုန်ကျစရိတ်တွေ ပိုများလာတာပေါ့။ ဘာမှတော့ ထူးခြားမှုက သိသိသာသာကြီး မရှိပါဘူး။”

YRTC က သတ်မှတ်ထားတဲ့ တက္ကစီဘုတ်အဖြူရောင်က ၁၂,၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး အဝါရောင် စတစ်ကာလိုင်းက ၁၅,၀၀၀ ထိ ကုန်ကျပါတယ်။

တက္ကစီဘုတ်တပ်ဆင်ဖို့ အသိပေးကာလ ကျော်လာလွန်ပြီဖြစ်လို့ ဖမ်းဆီးအရေးယူတာတွေလည်း စတင်နေပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စီးတီးတက္ကစီ အကြောင်းအရာတွေနဲ့ပတ်သက်လို့ YRTC ရဲ့ တာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးခန်းထဲ ရောက်ရှိနေတဲ့အကြောင်းသာ ပြန်လည်ဖြေကြားပါတယ်။

၂၀၂၄ နှစ်စကစလို့ အဝါရောင်စတစ်ကာ မကပ်ထားတဲ့ အငှားတက္ကစီတွေကို မော်တော်ယာဉ် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု ဥပဒေ ၉၆ အရ အရေးယူမှာဖြစ်သလို ဒဏ်ကြေးငွေ ၃၀,၀၀၀ ကိုလည်း ပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရန်ကုန်မှာ ပြေးဆွဲနေတဲ့ စီးတီးတက္ကစီ ၅ သောင်းကျော်ရှိပြီး ၇၅ ရာခိုင်နှုန်းလောက်က အဝါရောင်ဘေးလိုင်းစတစ်ကာ ကပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013