DVB Logo
Home
မြန်မာသတင်း
NUG ၏ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒအပေါ်  လေ့လာသူများအကြား အမြင်မတူ 
DVB
·
January 2, 2024
NUG ၏ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒအပေါ်  လေ့လာသူများအကြား အမြင်မတူ 
Donate to DVB

တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  နိုင်ငံခြားရေးမူဝါဒအပေါ် မြန်မာ့အရေး လေ့လာသုံးသပ်သူတွေအကြားမှာ အမြင်တွေမတူ အမျိုးမျိုးကွဲပြားမှုတွေ ရှိနေပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးမူဝါဒတရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁ ရက်နေ့မှာပဲ ထုတ်ပြန်လိုက်တာပါ။

မူဝါဒတွေထဲမှာ မြန်မာပြည်မှာရှိနေတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ် ဆိုတဲ့အချက်၊ တရုတ် တနိုင်ငံတည်းမူဝါဒကို ဆက်လက် လက်ခံကျင့်သုံးမယ် ဆိုတဲ့အချက်တွေအပါဝင် စုစုပေါင်း အချက် ၁၀ ချက်ပါဝင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဲဒီမူဝါဒတွေနဲ့ပတ်သက်လို့ လေ့လာသူတွေကြားမှာ အကောင်းမြင်တာတွေ ရှိသလို၊ ဝေဖန်မှုတွေလည်း ရှိပါတယ်။

အထူးသဖြင့်တော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒပေါ်လစီတွေဟာ အန်အယ်လ်ဒီ အစိုးရအပါအဝင် အရင်အစိုးရ အဆက်ဆက်ကျင့်သုံးခဲ့တဲ့ မူဝါဒတွေအတိုင်း အပြောင်းအလဲမရှိ တာကို တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံရဲ့ စွက်ဖက်မှုတွေကို ခေါင်းထိုးခံနေပေးနေရတဲ့အခြေအနေပဲ ဖြစ်နေပြီး မူဝါဒတွေကို အပြောင်းအလဲ မလုပ်တော့ဘူးလားလို့ အမျိုးသားညီညွတ်ရေးအစိုးရကို မေးခွန်းထုတ်ပါတယ်။

ဒီမူဝါဒတွေအတိုင်း ဆက်သွားမယ်ဆိုရင်တော့ တော်လှန်ရေးရဲ့အသီးအပွင့်တွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ မြန်မာပြည်စီးပွားရေးအတွက် ပြဿနာတွေအများကြီးရှိနေလိမ့်ဉီးမယ်လို့လည်း ဆိုပါတယ်။

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့ အကောင်းမြင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံဟာ အိမ်နီးချင်းဖြစ်နေတာကြောင့် မဖြစ်မနေ ဆက်ဆံနေရမှာဖြစ်သလို တရုတ်အနေနဲ့လည်း တော်လှန်ရေးအင်အားစုတွေနဲ့ပတ်သက်လို့ အနောက်အုပ်စုနဲ နီးကပ်သွားမှာကို စိုးရိမ်တာတွေလည်း ရှိနေတာကြောင့် အခုလိုမျိုး ကြားနေမူဝါဒကို လက်ဦးမှုရှိရှိ ပြသထားတာ ကောင်းတယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

ဒါပေမဲ့ တော်လှန်ရေး အောင်မြင်ဖို့အတွက်တော့ မြန်မာပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးရမှာ ဖြစ်ပြီး အကုန်လုံးနဲ့ ဆက်ဆံရေးကောင်းအောင် ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

တရုတ်ပေါ်လစီနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ မရသေးပါဘူး။

NUG ရဲ့ မူဝါဒထုတ်ပြန်ချက်ထဲမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မယ့် ဘယ်အဖွဲ့အစည်းမဆို မြန်မာ့ပိုင်နက်အတွင်း ခြေချခွင့်မပြုဆိုတဲ့အချက်၊ ၂၀၂၁ စစ်အာဏာ မသိမ်းခင် နှစ်နိုင်ငံနယ်နိမိတ်စာချုပ်တွေနဲ့ နှစ်နိုင်ငံသဘောတူစာချုပ်တွေကို မြန်မာနိုင်ငံက ဆက်လက်တာဝန်ယူမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဒေသတွင်း ငြိမ်းချမ်းရေး လုံခြုံရေးတွေကို ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှုတွေ၊ လူကုန်ကူးတာတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေကို တရုတ် အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်မယ်လို့လည်း NUG နိုင်ငံခြားရေးဌာနက မူဝါဒ ထုတ်ပြန်ထားပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013