DVB Logo
Home
မြန်မာသတင်း
ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရေးနှင့် အသွင်ကူးပြောင်းကာလ ဖွဲ့စည်းပုံပေါ်ပေါက်ရေး NUCC နှင့် NUG ပူးတွဲကြေညာ
DVB
·
January 1, 2024
ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရေးနှင့် အသွင်ကူးပြောင်းကာလ ဖွဲ့စည်းပုံပေါ်ပေါက်ရေး NUCC နှင့် NUG ပူးတွဲကြေညာ
Donate to DVB

တော်လှန်ရေးအင်အားစုတွေအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံး ရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဇန်နဝါရီ ၁ ရက်နေ့မှာ ၂၀၂၄ နှစ်သစ်ကူး ကြေညာချက်ကို ပူးတွဲထုတ်ပြန်ပါတယ်။

ပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “ဘုံနိုင်ငံရေးသဘောတူညီချက်အတွက် တော်လှန်ရေးအင်အားစု အသီးသီးရဲ့ ထိန်းချုပ်ဒေသတွေမှာ ဒေသန္တရအုပ်ချုပ်ရေး၊ လူသားမျိုးနွယ် လုံခြုံရေးနဲ့ အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်ရေး အစီအမံတွေအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေပါတယ်။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှု ပြန်လည်ရရှိဖို့ အပါအဝင် ပြည်သူတွေအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ထူထောင်ရေး အစီအမံတွေကို တော်လှန်ရေးအင်အားစုတွေကြားမှာ ညှိနှိုင်းဆွေးနွေးနေပါတယ်။ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းမှုတွေကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ ယုံကြည်မှုနဲ့ ညီညွတ်ရေးတို့ ပိုပြီးအားကောင်းလာစေဖို့ သတိထားဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း နိုင်ငံတကာအစိုးရတွေနဲ့ တိုင်းရင်းသားပြည်သူ အားလုံးကို အသိပေးချင်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပူးတွဲကြေညာချက်မှာ တော်လှန်ရေးကာလ ၃ နှစ်နီးပါးအကြာမှာ ၂၀၂၃ ခုနှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးတွေနဲ့အတူ နိုင်ငံတဝန်း အချိန်ကိုက်ထိုးစစ်တွေနဲ့ လက်တွေ့ကျတဲ့ အောင်မြင်မှုတွေ ရရှိနေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အောင်မြင်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ပြည်သူတွေ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ PDF တပ်ဖွဲ့တွေရဲ့ အားထုတ်မှုတို့ကြောင့် ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း “ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အနေနဲ့လည်း ပြည်သူလူထု ကိုးစားထိုက်သော အရည်အချင်းတွေ ပြည့်မီအောင် အမြဲမပြတ် ဖြည့်တင်းပြီး လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် လူထုကသွန်သင်တဲ့ လမ်းညွှန်ချက်တွေကို တော်လှန်ရေးမူတွေနဲ့ မသွေဖည်စေဘဲ လက်တွေ့အကောင်အထည်ဖော်ဖို့ ကျနော်တို့ အစိုးရအဖွဲ့ဝင်အားလုံး ကြိုးစားပါမယ်” လို့ နှစ်သစ်ကူး နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောပါတယ်။

တော်လှန်ရေးအောင်မြင်မှုလမ်းစ ရလာချိန်မှာ နိုင်ငံရေးအစုအဖွဲ့တွေအကြား ငြင်းခုံဝေဖန်မှုတွေ၊ စုပေါင်းခေါင်းဆောင်မှုဆိုင်ရာ လိုအပ်ချက်တွေ၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေသအုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာ ဥပဒေတွေ တိတိပပ မပြဋ္ဌာန်းနိုင်သေးတဲ့အပေါ် စိုးရိမ်မှုတွေ ရှိလာပြီးတဲ့နောက် NUCC နဲ့ NUG တို့ရဲ့ ပူးတွဲကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြေပြင်မှာတော့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး ၂ လနီးပါးအကြာမှာ စစ်ကိုင်းတိုင်းမှာ ၄ မြို့၊ ချင်းပြည်နယ်မှာ ၃ မြို့၊ ရှမ်းပြည်နယ်မှာ ၁၁ မြို့၊ ကရင်နီပြည်နယ်မှာ ၂ မြို့၊ ကချင်ပြည်နယ်မှာ ၁ မြို့ စုစုပေါင်း ၂၁ မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၅၂၃ မြို့အထိရှိနေပြီး မြို့ပေါင်း ၂၁ မြို့ သိမ်းယူနိုင်တယ်ဆိုတာဟာ ကိန်းဂဏန်းအားဖြင့် ကြီးမားတဲ့ အပြောင်းအလဲတော့ မဟုတ်သေးဘူးလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013