DVB Logo
Home
မြန်မာသတင်း
၂၀၂၄ က  အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ်စေရန် အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ပြော 
DVB
·
January 1, 2024
၂၀၂၄ က  အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ်စေရန် အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ပြော 
Donate to DVB

၂၀၂၄ ခုနှစ်က မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးအတွက် အပြီးသတ် အောင်ပွဲခံမယ့် နှစ်ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အလေးအနက် ကတိပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁ ရက် ဒီကနေ့မှာ NUG အစိုးရနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီးတော့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစု အသီးသီးကို ဂုဏ်ပြုသောအားဖြင့် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစပြီးတော့ အချိန် ၃ နှစ် နီးပါးကြာ နည်းလမ်းပေါင်းစုံနဲ့ ပြည်သူလူထုတရပ်လုံး ကြိုးပမ်းတော်လှန်ခဲ့ကြတဲ့ တော်လှန် ရေးကြီးဟာလည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုစည်း ညီညွတ်မှုနဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးတို့နဲ့အတူ နိုင်ငံတဝန်း အချိန်ကိုက် ထိုးစစ်တွေနဲ့ သိသာထင်ရှား လက်တွေ့ကျတဲ့ အောင်မြင်မှုတွေ ရရှိနေပြီလို့ ဆိုပါတယ်။ 

အဆိုပါ အောင်မြင်မှုတွေက ပြည်သူလူထုရဲ့ မဆုတ်မနစ်တဲ့ ထောက်ခံအားပေးမှု၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေရဲ့ သမိုင်းတွင်တဲ့ ပူးပေါင်းစွမ်းဆောင်မှုနဲ့ ပြည်တွင်း၊ ပြည်ပက နိုင်ငံသားတွေရဲ့ ကူညီပံ့ပိုးမှုတို့ကြောင့်ဖြစ်တာကြောင့် လေးစားစွာ မှတ်တမ်းတင်အပ် တယ်လို့လည်း ဖော်ပြပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ ထင်ရှားတဲ့ အောင်မြင်မှုက အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ် နယ်မြေတွေ တစတစ လျော့နည်းလာပြီး နိုင်ငံတဝန်း ဒေသအသီးသီးမှာ တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးနယ်မြေတွေ နေ့စဉ်နဲ့အမျှ ကျယ်ပြန့်လာတဲ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပါတဲ့ စစ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ပြည်သူသန်းနဲ့ချီ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ကြရတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများအပြား လိုအပ်နေပြီး ဒေသတွင်း နိုင်ငံတွေအပါအဝင် နိုင်ငံတကာအစိုးရတွေကလည်း တိုက်ရိုက် ချိတ်ဆက် ကူညီပေးကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ ဆက်လက်အမိန့်နာခံနေကြတဲ့ စစ် ဗိုလ်ချုပ်ကြီးတွေနဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေကိုလည်း ဒီနိုင်ငံကိုသာမက စစ်တပ်ကိုပါ အလုံးစုံပျက်သုဉ်းအောင် ပြုလုပ်နေတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့ရဲ့ အကြမ်းဖက်လူသတ်ဝါဒ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတို့ကို ဆက်လက်ကျူးလွန်ဖို့ အမိန့်ပေးစေခိုင်းမှုတို့ကို ကျောခိုင်းပြီးတော့ အချိန်မနှောင်းမီ ပြည်သူ့ဘက်က အမြန်ဆုံးရပ်တည်ကာ နည်းမျိုးစုံနဲ့ ပြန်လည်ဆန့်ကျင် တော်လှန်ကြဖို့ တိုက်တွန်းထားပါတယ်။

NUCC၊ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအပါအဝင် ဒေသအသီးသီးက တော်လှန်ရေးအင်အားစုအားလုံးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒေသတွင်း ခြိမ်းခြောက်မှု ဖြစ်စေတဲ့ အခြေအနေတွေကို ကောင်းစွာသတိပြုမိပြီး နိုင်ငံတွင်းနဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သွားမှာကြောင့် နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုရဖို့ လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။

ပြည်သူလူထုတရပ်လုံးလည်း အခုနှစ်သစ်မှာ ဘေးကင်းကျန်းမာလုံခြုံစွာနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲကို အတူပါဝင်ဆင်နွှဲနိုင်ကြပါစေဖို့လည်း ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013