DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးစရိတ်မြင့်တက်သဖြင့် ဟင်္သာတခရိုင်တွင် နွေစပါးစိုက်ပျိုးမှုထက်ဝက်လျော့ 
DVB
·
December 31, 2023
စိုက်ပျိုးစရိတ်မြင့်တက်သဖြင့် ဟင်္သာတခရိုင်တွင် နွေစပါးစိုက်ပျိုးမှုထက်ဝက်လျော့ 
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်မှာ မိုးစပါးအရှုံးပေါ်တာနဲ့ စက်သုံးဆီ၊ ဓာတ်မြေဩဇာနဲ့ လုပ်သားခ‌တွေ စတဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်တာကြောင့် နွေစပါးစိုက်ပျိုးတာ ထက်ဝက်နီးပါးလျှော့ပြီး စိုက်ပျိုးခဲ့တယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ဟင်္သာတခရိုင်မှာရှိတဲ့ ဟင်္သာတမြို့၊ ဇလွန်၊ လေးမျက်နှာမြို့တို့က တောင်သူတွေဟာ မိုးစပါးတွေ ရေနစ်မြုပ်ပြီး အရှုံးပေါ်ခဲ့တာကြောင့် နွေစပါးစိုက်ပျိုးဖို့ အရင်းအနှီးနည်းနေတဲ့အပြင် စိုက်စရိတ်တွေ မြင့်တက်တာကြောင့် နွေစပါးကို လျှော့ပြီးစိုက်ပျိုးခဲ့ရပါတယ်။

ဟင်္သာတမြို့က ပါးစိုက်တောင်သူတယောက်က “စပါးတုန်းက အနှံထွက်တုန်း မိုးရွာလိုက် အကုန်ရေမြုပ်သွားတယ်။ ကြားထဲက ပိုးပါထပ်ကျတယ်ဆိုတော့ တော်တော် ဆုံးရှုံးမှုများသွားတယ်။ အရင်နှစ် ဧကတိုင်း နွေစပါးစိုက်ပျိုးဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ပထမနှစ်က ၁၀ ဧက စိုက်တာ၊ အခု ၅ ဧက‌လောက်‌ပဲ စိုက်နိုင်တော့တယ်။ လယ်သမား အကုန်လုံးနီးပါးလည်း လျှော့စိုက်ကြပါတယ်" လို့ ပြောပါတယ်။

တောင်သူတွေဟာ စက်သုံးဆီဈေးကြီးတာနဲ့ ဝယ်ရခက်ခဲတာ၊ လုပ်သားခဈေးကြီးတာ၊ မျိုးဈေးနဲ့ မြေဩဇာဈေနှုန်းတွေ မြင့်တက်လာတာကြောင့်လည်း နွေစပါးစိုက်ပျိုးတာ လျော့တာလို့ တောင်သူတဦးက ပြောပါတယ်။

“အရင်နှစ်တွေက‌ဆို နွေစပါးစိုက်ဖို့ မြစ်ရေတင်ဖို့မလိုအပ်ပေမယ့် အခုနှစ်က ဒီရေအတက်အကျနဲတော့ ရေတင်နေရတယ်။ ရေတင်ဖို့က ဆီဈေးကလည်းကြီး ဝယ်ဖို့ကလည်း ခက်တော့ အဆင်မပြေဘူး။ အလုပ်သမားတွေက အရင်နှစ်တွေက ၆၀၀၀ လောက်ပဲရှိပေမယ့် အခု ကုန်ဈေးနှုန်းနဲ့ဆိုတော့ ၁၀,၀၀၀ လောက်ပေးမှ သူတို့လည်း အဆင်ပြေမှာ။ မြေဩဇာတို့ မျိုးဈေးတို့က ထက်ဝက်ကျော်တက်တော့ တော်တော်များများက လျှော့စိုက်ကြတယ်" လို့ ပြောပါတယ်။

ဟင်္သာတခရိုင်မှာ ၂၀၂၂ ခုနှစ်က နွေစပါးစိုက်ဧက ၁၀,၀၀၀ နီးပါးရှိခဲ့ပေမယ့် အခုနှစ်မှာ အများဆုံးဧက ၅,၀၀၀ လောက်ပဲ စိုက်ပျိုးနိုင်လိမ့်မယ်လို့ တောင်သူတွေက ပြောပါတယ်။

ဟင်္သာတခရိုင်မှာ ဩဂုတ်နဲ့စက်တင်ဘာအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လယ်ကွင်းတွေ ရေနစ်မြုပ်တာကြောင့် မိုးစပါးဧက ၂,၀၀၀ ကျော်ပျက်စီးခဲ့ရပါတယ်။

ဧရာဝတီတိုင်းမှာ နွေစပါးကို ဒီဇင်ဘာလနဲ့‌ ဇန်နဝါရီလအတွင်း စတင်စိုက်ပျိုးပြီး မုတ်သုံမိုးမဝင်ခင် ဧပြီနဲ့ မေလအကုန်မှာ ရိတ်သိမ်းကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013