DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးမြင့်တက်ပြီး ဝယ်ယူရခက်ခဲသဖြင့် လူမှုကူညီရေးအသင်းများ ရပ်နားထားရ
DVB
·
December 31, 2023
ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးမြင့်တက်ပြီး ဝယ်ယူရခက်ခဲသဖြင့် လူမှုကူညီရေးအသင်းများ ရပ်နားထားရ
Donate to DVB

ဧရာဝတီတိုင်းမှာ စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်လာတာ၊ အလှူရှင် နည်းပါးလာတာနဲ့ ဆီဝယ်ယူတဲ့အခါ အခက်အခဲတွေရှိနေတာကြောင့် ပရဟိတလူမှုကူညီရေးအသင်းတွေဟာ သယ်ယူပို့ဆောင်တဲ့လုပ်ငန်းတွေ ရပ်နားလာရတယ်လို့ ပရဟိတလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ 

စက်သုံးဆီ တလီတာကို ငွေကျပ် ၄,၀၀၀ အထိ ကာလရှည် ဈေးမြင့်တက်နေပြီး အလှူရှင်တွေ နည်းပါးလာတာ၊ ပုံမှန်လှူပေးနေတဲ့ အလှူရှင်တွေ မလှူနိုင်တော့တာ၊ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲလာတာ စတဲ့အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းအတွင်းက ပရဟိတ လူမှုကူညီရေးအသင်း ၃၀ ကျော်ရဲ့ ယာဉ်အစီးရေ ၁၀၀ ကျော်မှာ ၇၀ ကျော်ဟာ လုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့လို့ ရပ်နားလာရတယ်လို့ သိရပါတယ်။ 

“အခက်အခဲတွေကို တောင့်ခံလုပ်ကိုင်နေရင်း ဘယ်လိုမှ မရတော့တဲ့ အခြေအနေတွေကြောင့် နားရတဲ့အထိ ဖြစ်လာကြတာပါ။ ကျမတို့ ပရဟိတအသင်းဆိုတာ ဒုက္ခရောက်နေသူတွေကို ကူညီချင်တဲ့စိတ်နဲ့ ဆောင်ရွက်တာဖြစ်တယ်၊ မပြည့်မစုံ ကူညီတာထက် ပြည့်ပြည့်စုံစုံနဲ့ ကူညီချင်တယ်၊ အခုလို ဓာတ်ဆီဈေးတွေ တက်လာတော့ အသင်းတွေ ပို့ဆောင်သယ်ယူတာတွေ ရပ်လာရတယ်။ အမာခံအလှူရှင် မရှိ၊ ဆီဈေးတက်၊ အရေးပေါ်အချိန် ဆီဝယ်မရ၊ ဆီများများ ဝယ်မထားနိုင် စတဲ့ အကြောင်းတွေကြောင့် ရပ်ရတာ” လို့ ဧရာဝတီတိုင်း အခြေပြု ဆောင်ရွက်နေတဲ့ ပရဟိတအသင်းတခုရဲ့ အတွင်းရေးမှူးတာဝန်ယူထားသူ အမျိုးသမီး ၁ ယောက်က ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ မရပ်နားဘဲ ဆက်လုပ်နေတဲ့ ပရဟိတ လူမှုကူညီရေးအသင်းတချို့ဟာလည်း ဆက်လက်လုပ်ကိုင်နေပေမယ့် လူနာပို့ဆောင်တဲ့အခါ လူနာရှင်တွေဆီကနေ အငှားလိုက်တဲ့ပုံစံနဲ့ ကားဆီဖိုးအတွက် ပိုက်ဆံတောင်းရတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။ 

“မြောင်းမြမှာဆိုရင် ဆီဈေးက အတော်လေးတက်နေတယ်။ ဥပမာ ပုသိမ်အထိ ပို့ဆောင်မယ် ဆိုရင် ကျန်ကျစရိတ်က နှစ်သိန်းအကျော်အထိ ရောက်သွားတယ်။ အဲဒီတော့ ရေရှည်မှာ အဆင်မပြေလာကြတော့ဘူး။ အလှူရှင် နည်းပါးတဲ့ အသင်းတွေမှာဆိုရင် ခရီးမိုင် ဘယ်လောက်ဆိုရင် ကုန်ကျငွေ ဘယ်လောက် ရာခိုင်နှုန်းထိ သတ်မှတ်ကြတာတွေ လုပ်လာရတယ်။ ဒါကလည်း အတင်းကြီး တောင်းခံတာ မဟုတ်ပါဘူး။ အဆင်ပြေရင်ပေါ့။ သူတို့ဘက်က အဆင်မပြေရင် ရှိတာလေးနဲ့ ပို့ဆောင်ပေးပြီး နားနေရတာပဲ” လို့ ဖျာပုံမြို့ခံ ပရဟိတအသင်းမှ တာဝန်ရှိသူ ၁ ယောက်က ပြောပါတယ်။ 

အဲဒီလို အခြေအနေတွေကြောင့် ပရဟိတအသင်းတွေရဲ့ အရေးပေါ်ကားတွေ အသုံးပြုဖို့အတွက် စက်သုံးဆီတွေကို အလွယ်တကူ ဝယ်ယူရရှိစေဖို့၊ သက်သာတဲ့ နှုန်းထားနဲ့ ဆောင်ရွက်ထားပေးဖို့ မျှော်လင့်တယ်လို့ ပရဟိတလူမှုကူညီရေးအသင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

“သက်ဆိုင်ရာက ပရဟိတယာဉ်တွေအတွက် စက်သုံးဆီကို သီးသန့်အစီအစဉ်တခုနဲ့ သတ်မှတ်ပေးရင် အဆင်ပြေမယ်လို့ ပြောချင်တယ်။ ဒီလိုမှမဟုတ်ရင် ငွေကြေးကျပ်တည်းနေတဲ့ စစ်အာဏာသိမ်းထားတဲ့ကာ ပရဟိတ အသင်းတွေကလည်း လုပ်ငန်းတွေ မလုပ်နိုင်ရင် ဒုက္ခထပ်ရောက်ကြလိမ့်မယ်” လို့ ဟင်္သာတမြို့နယ်က ပရဟိတဆောင်ရွက်နေသူ ၁ ယောက်က ပြောပါတယ်။ 

ပရဟိတ လူမှုကူညီရေးအသင်းတွေအနေနဲ့ ဆီဈေးနှုန်းမြင့်တက်လာတဲ့ အခက်အခဲအပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူနာပို့ဆောင်ရာမှာ အလံဖြူစိုက် ပို့ဆောင်ရတာ၊ အချိန်အကန့်အသတ်နဲ့ ပို့ဆောင်ရတာ စတဲ့အခက်အခဲတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013