DVB Logo
Home
Lead Story
နှစ်သစ်ကြိုဆို ရှေ့ကို ဆက်လျှောက်
DVB
·
December 31, 2023
နှစ်သစ်ကြိုဆို ရှေ့ကို ဆက်လျှောက်
Donate to DVB

နှစ်သစ်ကြိုဆို                                                                                                               လုံ့လပိုမို                                                                                                                           ရှေ့ကိုဆက်လျှောက်                                                                                                          ပန်းတိုင်ရောက်ဖို့ နီးနေပြီ။ ။

ခရစ်နှစ် ၂၀၂၃ က မကြာမီ ကုန်ဆုံးပေတော့မယ်။  ၂၀၂၄ ခုနှစ်သည် မြန်မာပြည်ကြီးအတွက် နှစ်သစ်၊ စိတ်သစ်၊ စနစ်သစ်နဲ့ အားသစ်ဖြည့်လောင်းနိုင်ပါစေလို့ သန္နိဋ္ဌာန်ချ ကြိုးစားကြရပါမယ်။

အဟောင်း အဟောင်းများစွာကို ထားခဲ့ချင်သည်ဖြစ်စေ၊ မထားခဲ့ချင်သည်ဖြစ်စေ မလွဲမသွေ ထားခဲ့ကြရပါမယ်။ အဟောင်းများထဲမှ အကောင်းများကို မြတ်နိုးတန်ဖိုးထားကြရမှာဖြစ်သလို အဆိုးများကိုလည်း သင်ခန်းစာယူပြီး နောင်ထပ်မဖြစ်အောင် ကြိုးစားကြရမှာပါ။ ကျမတို့အားလုံး အောင်မြင်တဲ့နေ့မှာ အသက်တွေ ဘဝတွေ သွေးတွေ ချွေးတွေ ရင်းနှီးလို့ ပေးဆပ်ခဲ့ကြသူတွေကို အောက်မေ့သတိရပြီး တိတ်ဆိတ်စွာ အောင်ပွဲခံကြရဦးမှာပါ။ ကျမတို့တတွေအားလုံး ခံစားခဲ့ရတဲ့ နာကြည်းမှုတွေ အားလုံးကိုတော့ ကျမတို့ရဲ့ နောင်လာနောက်သားမျိုးဆက်တွေ မခံစားကြရစေဖို့ ဆက်လက် ကြိုးစားချင်ပါသေးရဲ့။ သူတို့လေးတွေကို လွတ်လပ်ပေါ့ပါး အေးချမ်း ပြည့်ဝပါတဲ့ ဂုဏ်ယူဖွယ် နိုင်ငံတခုကို လက်ဆောင်အဖြစ် လက်ဆင့်ကမ်းပေးချင်လှရဲ့။

အို အားထားယုံကြည်ရပါသော အရှင် ....

ချစ်လှစွာသော မြန်မာပြည်တွင် ပွင့်သောပန်းတိုင်း မွှေးနိုင်ကြပါစေသား ....

ပြည့်နိုင်အားလျှင် ပြည့်ပါရစေ အရှင်.....။

လတ်တလော ဖြတ်သန်းခဲ့ရပါတဲ့ နှစ်တွေအတွင်းမှာ ကျမတို့ မြန်မာပြည်ကြီးရဲ့ ကံကြမ္မာဟာ မသိသား ဆိုးဝါးလွန်းခဲ့ရပါတယ်။ မထင်မှတ်လောက်တဲ့ ရောဂါကပ်ဆိုးကြီးနဲ့ စစ်မိစ္ဆာဘောသား နတ်ဆိုးကြီးတွေကြောင့် မဟာဒုက္ခတွင်းဆုံးကျရသလိုမျိုး မထင်ရက်စရာ မတွေးရက်စရာ အဆိုးဆုံးတွေကို ကြုံတွေခံစားခဲ့ရပါတယ်။ အမိမြန်မာပြည် ရင်သွေးငယ်တွေဟာ လက်ရှိ ဖြစ်ရပ်ဆိုးဝဲဩဃကနေ အမြန်ဆုံး ထွက်မြောက် လွတ်မြောက်ကြစေဖို့ ပြည်သူတရပ်လုံး ဝိုင်းဝန်းကြိုးပမ်း တိုက်ပွဲဝင်နေကြတာဟာလည်း အားရစဖွယ် အလွန့်ကို ကောင်းလှပါရဲ့။

ပြည်သူ့အောင်မြင်မှုတွေဟာလည်း အရင့်အရင် ခေတ်ကာလ အဆက်ဆက်နဲ့ မတူ တမူထူးပြီး တိုးတက် ဖြစ်ထွန်းနေတာဟာလည်း လက်ဖဝါး၊ ခြေဖဝါးသက်သက်ကနေ ငါတို့ စခဲ့ရတာလို့ပင် မထင်မှတ်ချင်စရာ အားတက်ဖွယ်အတိပင် ဖြစ်ပေရဲ့။ တဆင့် တဆင့် မြင့်မြင့်တက်လာ ရရှိလာ လာနေတဲ့ အသီးအပွင့် အောင်မြင်မှုအပေါင်းဟာ စိတ်ဓာတ်နဲ့ လုံ့လတို့ကြောင့်ပဲ ဖြစ်ပေရဲ့လို့ ဆိုရမှာပါ။

“ဆန္ဒဝတော ကိံနာမ ကမ္မံ နသိဇ္ဈတိ” ဆန္ဒဝတော -ပြင်းပြသော အလိုဆန္ဒရှိသူအား၊ ကိံနာမ-အဘယ်မည်သော၊ ကမ္မံ -အမူကိစ္စ ဟူသမျှသည်၊ နသိဇ္ဈတိ -မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း၊ သိဇ္ဈတိဧဝ-မုချအမှန်ဧကန် ပြီးစီး အောင်မြင်ရမည် သာတည်း။

ဆန္ဒသည် အရာရာ ပြီးပြည့်စုံစေသကဲ့သို့ ထက်သန်နေသူများအဖို့ ပန်းတိုင်သည် မဝေးတော့ပြီ ဖြစ်ပေသည်။ မာရသွန်ပြိုင်ပွဲတခုတွင် သက်လုံခိုင်မာသူသည် ပန်းဝင်နိုင်မည်ဖြစ်သကဲ့သို့ ၂၁ ခေတ်ဦးရဲ့ နွေဦးတော်လှန်ရေး မာရသွန်ပြိုင်ပွဲကြီးမှာလည်း စေတနာမှန်မှန်နဲ့ ဆန္ဒပြင်းပြသူတွေသာ အမည်တွင် ကျန်ရစ်ရမှာပါ။

ဘယ်လိုပင် ဟန်ဆောင်ကောင်းပါစေ၊ ငရဲမီးရဲ့ စမ်းသပ်စစ်ဆေးမှုတွေအပြီးမှာတော့ မှတ်ကျောက်တင် ကျန်ရစ်မည့် ရွှေစင်ပမာ သုံးနှစ်တာ မြန်မာ့နွေဦးအရေးတော်ပုံက မီးမောင်းထိုး ပြခဲ့ပြီဖြစ်ပါတယ်။ စေတနာအခံ နေရာအမှန် မရှိသူများအဖို့ကတော့ဖြင့် ဒေါင်းယောင်ဆောင်သော ကျီးပမာ “အား ၊ အား” သာ ကျန်ရစ်မှာ ဖြစ်သပေါ့။ တဦးတယောက်စီတိုင်းရဲ့ မှန်ကန်တဲ့ စေတနာတွေကြောင့် မြည်မာပြည်အရေးဟာ အမြန်ဆုံး အေးချမ်း ပြည့်ဝနိုင်တော့မှာလို့ ကျမရဲ့ မနော အာရုံမှာ ခံစားနေရပါပြီ။ မြန်မာ့အနာဂတ်ရင်သွေးငယ်အပေါင်းဟာ အခြေအနေဆိုးကြီးကို ကျော်ဖြတ်ပြီးတဲ့အခါ မည်သို့သော အခက်အခဲကိုမဆို လွယ်ကူရင့်ကျက်စွာ ကျော်လွှားနိုင်ကြတော့မှာက မလွဲဧကန် အမှန်ပင်စင်စစ် ဖြစ်ပါရဲ့။ အနုသစ်စ သပြေငုတ်ပမာ ရဲသော၊ လှသော၊ နုသော၊ လန်းသော အောင်သပြေညွန့်တွေပမာ ပိုမို နုသစ်လှပ လာရတော့မှာပါ။

အရှေ့အရပ်ဆီက ရောင်နီတွေဟာ မြန်မာပြည်ပေါ်ကို မကြာမီ ကွက်ကွက်ကွင်းကွင်း လင်းတော့မှာပါ။ နှစ်သစ်မှာ စိတ်သစ်နဲ့ အနာဂတ်သစ်တွေကို အားကုန်ခြယ်သကြတော့မှာလည်း ဧကန်စင်စစ် ဖြစ်ပေရဲ့။ အမာအနှစ်နဲ့ အပျော့အကာ ကွဲပြား ခြားနားခဲ့ပြီမို့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ဟန်ဆောင်မှုတွေကင်း ချမ်းမြမျက်နှာ စမ်းလပမာ လန်းဆန်းကြတော့မှာ သေချာနေပြီပေါ့။ အတိတ်က အရိပ်ဆိုးတွေကို ချန်လှပ် စနစ်သစ်အနှင် ခရီးတွင်ဖို့ အင်တိုက် အားတိုက် တုံးတိုက် ကျားကိုက် ဘုရင့်နောင် ဖောင်ဖျက်သလို ပြန်မလှည့်ကြည့်စတမ်း ရှေ့က အသစ်တွေဆီကိုသာ ရဲရဲ လျှောက်လှမ်းကြရ ပါလိမ့်မယ်။ နှစ်သစ်မှာ စိတ်သစ်နဲ့ စနစ်သစ်ကို သမိုင်းရေးထိုးဖို့။ “ဟေး . . . . .” လို့သာ အားကုန်ထုတ်လို့ ကျမတို့အားလုံး ကြိုးစားကြပါစို့။

နှစ်သစ်ကြိုဆို                                                                                                                   

အရှေ့ကို လျှောက်ရင်း

အနောက်ကို လှမ်းမြင်

ရင်နှင့် ရင်းသော တိုင်းပြည်

တည်စေဖို့ ဆုခြွေ

စမ်းရေ ပမာသွင်

ကြည်လင် အေးမြပါစေသား။ ။

သန့်ကေသာ ( CDM ပညာရေးဝန်ထမ်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013