DVB Logo
Home
မြန်မာသတင်း
ပလက်ဝ ခြေကုပ်စခန်း သိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် အိန္ဒိယဘက် ထွက်ပြေး
DVB
·
December 30, 2023
ပလက်ဝ ခြေကုပ်စခန်း သိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် အိန္ဒိယဘက် ထွက်ပြေး
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၃၇၇ ခြေကုပ်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ)က သိမ်းပိုက်လိုက်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၈၀ ကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိတ်ဝကျေးရွာအနီး အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၃၇၇ စခန်းကုန်းကို ဒီဇင်ဘာ ၂၈ ရက် မနက် ၉ နာရီ မိနစ် ၂၀ မှာ အေအေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၈၃ ယောက်ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံဘက်ကို ရောက်လာတာဖြစ်ပါတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ တွီဆဲန်တလန်ကျေးရွာက ရဲစခန်းကို လက်နက်ခဲယမ်းတွေနဲ့ ရောက်ရှိလာပြီး အဲဒီရဲစခန်းကတဆင့် အာသံ ရိုင်ဖယ်တပ်ရင်းဘက်ကို ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံဘက် ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ ဒဏ်ရာ ရထားသူတွေလည်း ပါဝင်ပြီး သူတို့ကို လုံးလေမြို့ကို ပို့ဆောင်ထားတာကြောင့် အဲဒီကနေတဆင့် မြန်မာနိုင်ငံ၊ တမူးမြို့ဘက်ကို ပြန်ပို့နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “သူတို့က မနေ့ နေ့လယ် ၁၁ နာရီ (အိန္ဒိယ စံတော်ချိန်) လောက်တုန်းက တွီဆဲန်တလန်ရွာက အိန္ဒိယရဲစခန်းကို ပထမ ၇၃ ယောက် ရောက်လာတယ်။ ဒုတိယ အသုတ်က ၁၀ ယောက် ထပ်ရောက်လာတယ်။ အဲဒီရဲစခန်းက ရဲတွေက အာသံ ရိုင်ဖယ်တပ်ရင်းဆီ အပ်လိုက်တယ်။ ရိုင်ဖယ်စစ်သားတွေက လုံးလေကို ပို့လိုက်တယ်လို့ကြားတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ ဗျူဟာကုန်းတခုနဲ့ စခန်းကုန်းတခုကို ဒီဇင်ဘာ ၂၇ နဲ့ ၂၈ ရက်မှာ အေအေက အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အဲဒီမှာ စစ်ကောင်စီတပ်သား အလောင်းတွေ အများအပြားတွေ့ရသလို လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးဆောင် ပစ္စည်းတွေလည်း  သိမ်းဆည်းရရှိခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၄ ရက်ကလည်း ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို  ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လိုင်လင်းပီမြို့ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား အယောက် ၃၀ လောက် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၉ ယောက် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ကြတာကြောင့် အိန္ဒိယအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013