DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးခံရ
DVB
·
December 30, 2023
မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာရှိတဲ့ တိုက်ခန်းတခုကို ဒီဇင်ဘာ ၃၀ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ လူဝင်ကြီးကြပ်ရေးအဖွဲ့ဝင်တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၇၅ ဦးအပါအဝင် တရားမဝင်နိုင်ငံခြားသား ၅၆၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးရောက်မြန်မာတွေနဲ့ မလေးလူဝင်ကြီးကြပ်ရေးဌာနကနေ သိရပါတယ်။

ကွာလာလမ်းပူမြို့၊ ဘန်ဆာအရပ်ရှိ ၁၄ ထပ်တိုက်ခန်းတခုကို ဒီကနေ့မနက် ၁ နာရီကျော်မှာ လူဝင်ကြီးကြပ်ရေဌာန ညွှန်ကြားရေးမှူး ဆမ်ဆူဘဒရင်မိုရှင် ဦးဆောင်တဲ့ လူဝင်ကြီးကြပ်ရေးအဖွဲ့ဝင် ၈၅ ဦးပါအဖွဲ့က ဝိုင်းပိတ်ပြီး အဲ့မှာနေထိုင်တဲ့ နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

အထောက်အထားစာရွက်စာတမ်းရှိသူတွေကို ပြန်လွှတ်ပေးပြီး မရှိတဲ့ မြန်မာနိုင်ငံသား ၇၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅၂ ဦး၊ နီပေါနိုင်ငံသား ၁၆၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၇၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၄ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦး စုစုပေါင်း ၅၆၇ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။

မလေးရှားရောက်မြန်မာနိုင်ငံသားတဦး က"မလေးရဲချုပ်က တရားမဝင်နေထိုင်တဲ့ သူတွေ များနေတဲ့အတွက် ဖမ်းဆီးသွားမယ်လို့ မနေ့ကမှတီဗီမှာပြောသွားတာ။ ဖမ်းဆီးဖို့ နေရာတွေကိုလည်း တခါတည်းပြောသွားတယ်။ ဒီနေ့ဖမ်းခံရတဲ့သူတွေက ညသန်းခေါင်ကျော်အချိန် ဖမ်းမယ်လို့ သူတို့လည်းမထင်လို့ မရှောင်တာ ထင်ပါတယ်။ နှစ်သစ်ကူးခါနီးဖြစ်တဲ့ အချိန်ဆိုတော့ ပိုဆိုးတယ်။ အထောက်အထားမပါဘဲ အဖမ်းခံရတဲ့ သူတွေက ထောင် ၃ လ လောက်ကျပြီး မြန်မာပြည်ပြန်ပို့ခံရဖို့ပဲ ရှိတာ။ ဘာဖြစ်လို့လဲဆိုတော့ မလေးမှာ ဖမ်းခံရတဲ့ မြန်မာတွေကိုကူညီတဲ့ အဖွဲ့မရှိလို့ပါ" လို့ ပြောပါတယ်။

တရားမဝင်ရွေ့ပြောင်းအလုပ်သမားတွေဟာ အခန်းတခုကို တလ ရန်းဂစ် ၁၀၀၀ နဲ့ ၁၀ ယောက်လောက် နေထိုင်ပြီး အနီးအနားမှာရှိတဲ့ ကုန်တိုက်တွေမှာ အလုပ်လုပ်ကိုင်ကြတာပါ။

ဖမ်းဆီးတဲ့အချိန်မှာ တိုက်ခန်း‌တွေပေါ်က ခုန်ချလို့ ဒဏ်ရာအနာတရရှိတဲ့သူတွေရှိသလို တခါးမဖွင့်ပေးတဲ့သူတွေလည်း ရှိတယ်လို့ ကွာလာလမ်ပူ လူဝင်ကြီကြပ်ရေး ညွှန်ကြားရေးမှူး ဆမ်ဆူဘဒရင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးအပါအဝင် ၅၆၇ ဦးကို ဘူကစ်ဂျာလီ လူဝင်ကြီးကြပ်ရေးဌာနသို့ ခေါ်ဆောင်သွားပြီး တရားမဝင်နေထိုင်မှု ပုဒ်မ ၆(၁)(ဂ)အရ ဆက်လက် စစ်ဆေးသွားမယ်လို့ မလေးလူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

Photo- Immigration Malaysia

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013