DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး
DVB
·
December 30, 2023
ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး(မုန်း)မြို့နယ်နဲ့ လယ်ဒို(ကျောက်ကြီး) မြို့နယ်တို့ကို စစ်ကောင်စီက လက်နက်ကြီးပစ်တာ၊ လေကြောင်းက တိုက်ခိုက်တာကြောင့် ၃ ရက်အတွင်း ဘုန်းကြီး ၁ ပါး ပျံလွန်ပြီး ပြည်သူ ၇ ယောက်  သေဆုံးခဲ့ရတယ်လို့ ကေအန်ယူက ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ပြည်သူလူထုကို စစ်ကောင်စီက ပစ်မှတ်ထားပြီး တိုက်ခိုက်တာကြောင့် နွား ၁ ကောင်လည်း သေဆုံးပြီး ပြည်သူ ၉ ယောက်နဲ့ နွား ၁ ကောင် ဒဏ်ရာရသလို အိမ် ၆ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းလည်း ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

မူးမြို့နယ်၊ နတ်သံကွင်းမြို့က တပ်စခန်းတွေကို ဒီဇင်ဘာ ၂၆ ရက်ကစပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီနေ့ မနက်ကနေ နေ့လယ်အထိ လေကြောင်းကနေ ၁၂ ကြိမ်တိုက်ခိုက်ခဲ့သလို ညဘက်မှာလည်း ၄ ကြိမ် တိုက်ခိုက်ခဲ့လို့ နတ်သံကွင်းမြို့က ဒေသခံ ၂ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်မှာတော့ ပဲနွယ်ကုန်းမြို့ကနေ နတ်သံကွင်းဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက်ကို သဲကောရွာနားမှာ K.N.L.A နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ လောက်သေဆုံးပြီး အဲဒီတပ်တွေက သဲကောရွာထဲကို လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်တာကြောင့် ဘုန်းကြီးကျောင်းကို ထိမှန်ပေါက်ကွဲပြီး ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့သလို ကျောင်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် နတ်သံကွင်းမြို့ထဲကို ဂျက်ဖိုက်တာတွေနဲ့ ဗုံး ၃ လုံးကြဲချပြီး သေနတ်နဲ့လည်း ပစ်ခတ်ခဲ့သလို ပဲနွယ်ကုန်းမြို့နားကိုလည်း ဂျက်ဖိုက်တာတွေ၊ MI-35 ရဟတ်ယာဉ်တို့နဲ့ ဗုံး ၆ လုံး ကြဲချပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

နေ့လယ်ပိုင်းမှာ လက်ပံကုန်းကျေးရွာကို လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့တာကြောင့် လက်ပံကုန်းရွာခံ အမျိုးသား ၁ ယောက်နဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားပါတယ်။

ညနေပိုင်းမှာလည်း ကျောင်းဆိုးရွာကို လေကြောင်းကနေ ၈ ကြိမ် လာရောက် ပစ်ခတ်သလို ရွှေဝါအခြေစိုက် ခမရ ၃၀၇ နဲ့ ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉ တို့က လက်နက်ကြီးတွေနဲ့ ကျေားရွာထဲကို ပစ်ခတ်တာကြောင့် ပျဉ်းမပင်ရွာထဲကို ကျရောက်ပေါက်ကွဲပြီး အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပါတယ်။

ပြီးတော့ အသက် ၄ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ယောက် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ ညမှာပဲ  အောက်တဲစုကျေးရွာကို လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ယောက် ဒဏ်ရာရသလို နွား ၁ ကောင်သေဆုံး၊ ၁ ကောင် ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ် ခမရ ၄၃၉ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ နတ်သံကွင်း ၁ ရပ်ကွက်ထဲကို ကျရောက် ပေါက်ကွဲပြီး အိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ခလရ ၂၆၄ တပ်ကလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ နတ်သံကွင်းကို ၁၉ လုံး၊ ခင်တန်းကျေးရွာကို ၁၁ လုံး၊ ပဲနွယ်ကုန်းကို ၂ လုံး ပစ်ခတ်ခဲ့ပြီး ဟယ်လီကော်ပတာနဲ့ ခင်တန်းကျေးရွာကို ၂ ကြိမ်၊ Mi-2 နဲ့ ပဲနွယ်ကုန်းကို ၂ ကြိမ် တိုက်ခိုက်သလို လေယာဉ်ဗုံး ၁၀ လုံးလည်း ကြဲချပြီး သဲကောကျေးရွာကိုလည်း ဗုံး ၃ လုံး ကြဲချပြီး သေနတ်နဲ့လည်း ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် ကေအန်ယူတာဝန်ရှိသူတွေက  တတ်နိုင်သလောက် ဖြေရှင်းပေးနေပေမဲ့ စာနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013