DVB Logo
Home
မြန်မာသတင်း
မွန်လူငယ်များ တော်လှန်ရေးထဲ ပါဝင်ကြရန် မွန်တော်လှန်ရေးအင်အားစု တိုက်တွန်း
DVB
·
December 29, 2023
မွန်လူငယ်များ တော်လှန်ရေးထဲ ပါဝင်ကြရန် မွန်တော်လှန်ရေးအင်အားစု တိုက်တွန်း
Donate to DVB

မွန်လူငယ်တွေအနေနဲ့ မွန်လူမျိုးတို့ရဲ့ ဘုံရန်သူ မြန်မာစစ်တပ် ပြုတ်ကျရေးနဲ့ မွန်ပြည်ပြန်လည် လွတ်မြောက်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ တော်လှန်ရေးထဲ ပါဝင်လာကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

လက်ရှိကာလဟာ မွန်လူငယ်တွေအနေနဲ့ မိမိဒေသ မိမိကာကွယ်ဖို့ရာ အချိန်ကျပြီဖြစ်တဲ့အတွက် အမျိုးသားရေးတာဝန်တရပ်အနေနဲ့ သတ်မှတ်ကာ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စတွေမှာ ပူးပေါင်းပါဝင်ကြဖို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့မှာ မွန်တော်လှန်ရေးအင်အားစုတွေက ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။

ဒီနှစ်မှာ ကျရောက်တဲ့ ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှာ မွန်လူငယ်ဆုံရပ် MYF က ဦးဆောင်ပြီး မွန်လူငယ်တွေ တစုတစည်းတည်း ပေါင်းစုနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပါတယ်။

မွန်လူငယ်နေ့အခမ်းအနားမှာ အသက် ၁၈ ပြည့်တဲ့ မွန်လူငယ်တိုင်း စစ်ပညာသင်ကြဖို့၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှောင်ရှားဖို့၊ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်  ကျရာအခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ကြဖို့ အခမ်းအနားကျင်းပရေးကော်မတီက တိုက်တွန်းထားပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ စစ်အာဏာရှင်လက်အောက်မှာ မွန်လူမျိုးတွေ လိုချင်တဲ့ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဟာ လက်ဖြန့်တောင်းလို့ မရသလို ဆွေးနွေးလို့လည်း မရနိုင်တာကြောင့် မွန်လူငယ်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေနဲ့ အတူတကွ တိုက်ပွဲဝင်ဖို့ တိုက်တွန်းတာပါလို့ ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ လက်နက်အားကိုးနဲ့ နိုင်ငံအာဏာအရပ်ရပ်ကို မတရားသိမ်းယူခဲ့တဲ့ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် ဖွဲ့စည်းထားတဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သလို တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေတာပါ။

MSFC ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းကလည်း မွန်လူငယ်တွေအနေနဲ့လည်း မိမိတို့ လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဘဝတူတိုင်းရင်းသားလူငယ်တွေနည်းတူ တော်လှန်ရေးတိုက်ပွဲထဲ ပါဝင်လာကြဖို့ တိုက်တွန်းပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ မွန်တော်လှန်‌ရေး အဖွဲ့အစည်းဖြစ်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ မွန်ပြည်ဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။

လက်ရှိမှာတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ကိုယ်စားလှယ် ၃ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှာ ဝန်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်နေသလို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာလည်း ကိုယ်စားလှယ် ၃ ဦး စေလွှတ်ထားပါတယ်။

မွန်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF စစ်ရေး၊ နိုင်ငံရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းကလည်း နှစ်ပေါင်း ၇၀ ကြာတော်လှန်ရေးမှာ မကြုံဖူးတဲ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေကို အခွင့်အကောင်းယူပြီး မွန်လူငယ်တွေအနေနဲ့ အမျိုးသားလွတ်မြောက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးတွေမှာ ရဲရဲဝံ့ဝံ့ ပါဝင်ကြဖို့ တိုက်တွန်းတာပါ။

ဒီနှစ်မှာ ကျရောက်နေ့ မွန်လူငယ်နေ့ကို ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ဥက္ကဋ္ဌ နိုင်ဟံသာကလည်း မွန်လူမျိုး မပျောက်ကွယ်ရေးဟာ မွန်လူငယ်တွေမှာ တာဝန်ရှိတဲ့အတွက် အမျိုးသားရေး တာဝန်တွေ ထမ်းဆောင်ကြဖို့ သဝဏ်လွှာပေးပို့ထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းသွားဖို့ မူဝါဒချမှတ်ထားသလို ပြီးခဲ့တဲ့ကာလတွေတုန်းက စစ်ကောင်စီနဲ့ ၆ ကြိမ်ထက်မနည်း သွားရောက်တွေ့ဆုံခဲ့ပေမဲ့ လက်ရှိမှာတော့ တွေ့ဆုံဆွေးနွေးမှုတွေ ရပ်ဆိုင်းထားတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီကတော့ ဖက်ဒရယ်မူကို အခြေခံပြီး မွန်ပြည်အစိုးရတရပ် ထူထောင်ဖို့၊ မွန်တို့ရဲ့ အချုပ်အခြာ အာဏာရဲ့ မဏ္ဍိုင်သုံးရပ်ကို ပြန်လည်ဖော်ဆောင်သွားတဲ့ နေရာမှာ မွန်လူငယ်တွေ၊ မွန်ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ပြီး ဝန်းရံအားဖြည့်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Photo Credit- MYF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013