DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံရေကာတာစီမံကိန်း ချက်ချင်းရပ်တန့်ရန် ကချင်အရပ်ဘက်အဖွဲ့ ၅၀ ခန့် တောင်းဆို
DVB
·
May 6, 2026
Photo: DVB
Photo: DVB
Donate to DVB

တရုတ်အစိုးရပိုင် ကုမ္ပဏီအနေနဲ့ မြစ်ဆုံရေကာတာ တည်ဆောက်တာကို ကန့်ကွက်တဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို မျက်ကွယ်ပြုပြီး အတင်းအဓမ္မ စည်းရုံးလှုံ့ဆော်တာတွေ၊ ပြည်သူတွေအပေါ်ခြိမ်းခြောက်ပြီး အတုအယောင် လူထုဆန္ဒခံယူပွဲ လုပ်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ကချင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀ လောက်က မေ ၅ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။

၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန်လက်ထက်ကတည်းက ရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အတင်းအဓမ္မ ပြန်လည်စတင်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုစားနေတာဟာ ကချင်ပြည်နယ် ဒေသခံတွေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်နေတာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ကလည်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့နဲ့ စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ အထောက်အထားမခိုင်လုံဘဲ ဆန့်ကျင်သူတွေနဲ့ ကန့်ကွက်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတွေအပေါ် သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပြီး အတုအယောင် လူထုသဘောဆန္ဒခံယူပွဲတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

မြစ်ဆုံဆည်စီမံကိန်းဟာ စစ်အာဏာရှင် ခေတ်အဆက်ဆက်မှာ တရုတ်အစိုးရနဲ့ အာဏာရှင်တစုတို့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းဖြစ်ပြီး ပြည်သူ့သဘောဆန္ဒကို မရယူဘဲ သူတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အတင်းအမ္မ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာလို့လည်း ဆိုပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းဟာ ပေ ၄၅၀ ကျော်အမြင့်နဲ့ ပေ ၄,၃၀၀ လောက်အကျယ်ရှိပြီး စင်ကာပူနိုင်ငံ အကျယ်အဝန်းလောက်ကို ရေလွှမ်းစေမှာဖြစ်သလို ရေအရင်းအမြစ် ပျက်စီးစေရုံသာမက ကုန်းနေ ရေနေ၊ ဇီဝမျိုးစုံ မျိုးကွဲတွေရဲ့ ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ ၂၀၁၃ ခုနှစ်က ‘Independent Expert Review of the Myitsone Dam EIA’ သုတေသနစာတမ်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ပြီးတော့ အဲဒီစီမံကိန်းကြောင့် လူဦးရေ ၁၂,ဝဝဝ လောက်ဟာ အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းခံခဲ့ရပြီး နောက်ဆက်တွဲအနေနဲ့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လုပ်ကိုင် စားသောက်လာခဲ့တဲ့ အိုးအိမ်၊ မြေယာတွေ အတင်းအဓမ္မ သိမ်းဆည်းခံခဲ့ရသလို အထွတ်အမြတ်ထားတဲ့ ဝိညာဉ်ရေးရာနဲ့ ရိုးရာယဉ်ကျေးမှုအရ သမိုင်းဝင် အမွေအနှစ် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကိုပါ ဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ဖြစ်စေနိုင်တဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝရပ်တန့်ဖို့  တရုတ်အစိုးရပိုင် ကုမ္ပဏီ (SPIC-YN) အနေနဲ့ မြန်မာပြည်သူလူထုရဲ့ မြစ်ဆုံရေကာတာ တည်ဆောက်တာကို ကန့်ကွက်တဲ့ သဘောထားဆန္ဒကို မျက်ကွယ်ပြုပြီး အတင်းအဓမ္မ စည်းရုံးလှုံ့ဆော်တကို ချက်ချင်းရပ်တန့်ဖို့၊  စီမံကိန်းကိုကန့်ကွက်တဲ့ ပြည်သူတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်နေတာတွေနဲ့ ပြည်သူတွေကို အတင်းအဓမ္မခြိမ်းခြောက်ပြီး အတုအယောင် လူထုဆန္ဒခံယူပွဲ လုပ်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ကချင်အရပ်ဘက်အဖွဲ့ ၄၉ ဖွဲ့က တောင်းဆိုပါတယ်။

ဒေသခံပြည်သူတွေနဲ့ မြန်မာတနိုင်ငံလုံးရဲ့ အကျိုးစီးပွား ကိုထိခိုက်စေမဲ့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့၊ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်မက်ပဋိပက္ခဖြစ်ပွားနေတဲ့ ကာလအတွင်း စီမံကိန်းကို အတင်းအဓမ္မ အကောင်အထည်ဖော်မယ်ဆိုရင် ပဋိပက္ခကို ပိုကြီးထွားလာစေနိုင်မှာဖြစ်လို့ လုံးဝ ဖျက်သိမ်းဖို့လည်း တောင်းဆိုပါတယ်။

ဒါ့အပြင် ဘယ်အစိုးရလက်ထက်မှာဖြစ်ဖြစ် ပြည်သူလူထုရဲ့ စစ်မှန်တဲ့ သဘောဆန္ဒမပါတဲ့ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အတင်းအဓမ္မ အကောင်အထည်မဖော်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013