DVB Logo
Home
မြန်မာသတင်း
ဒေသဖွံ့ဖြိုးရေးလုပ်ရန် ပြည်သူထံက အခွန်ကောက်ခံဟု PNLO ပြော၊ ဒေသခံများ အခက်ကြုံ 
DVB
·
December 29, 2023
ဒေသဖွံ့ဖြိုးရေးလုပ်ရန် ပြည်သူထံက အခွန်ကောက်ခံဟု PNLO ပြော၊ ဒေသခံများ အခက်ကြုံ 
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင်းက ကျေးရွာတွေမှာ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံ ပြည်သူတွေဆီကနေ အခွန်အခကောက်ခံတာတွေ ရှိတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ-၁ ခွန်ထွန်းတင်က ဒီဗွီဘီကို ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း ဒေသခံပြည်သူတွေအနေနဲ့ ၁ နှစ်ကို ကားကြီးနဲ့ ထွန်စက် ကျပ် ၂၀၀,၀၀၀၊ ကားငယ်နဲ့ ထော်လာဂျီ ကျပ် ၁၀၀,၀၀၀၊ ဆန်စက်အကြီး ကျပ် ၅၀၀,၀၀၀၊ ဆန်စက်ငယ် ကျပ် ၂၅၀,၀၀၀ စသဖြင့် ငွေကြေးကို ကောက်ခံသွားမယ်လို့ အသိပေးပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ကောက်ခံခဲ့ပါတယ်။

PNLO ဒုဥက္ကဋ္ဌ-၁ ခွန်ထွန်းတင်က “ဒေသတွင်း ပြန်လည်ထူထောင်ရေး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဖို့အတွက် ကောက်ခံတယ်။ အခုအခြေအနေက တဖက်မှာလည်း ရွာသားတွေမှာ အခက်အခဲရှိတယ် ဆိုတာကို ကျနော်နားလည်တယ်။ နောက်ပြီး ကျနော်တို့လည်း ဒီကိစ္စကို NCA ကြားကာလအစီအစဉ်မှာ အကောင်အထည်မဖော်တော့ ကျနော်တို့ မူလကသွားတဲ့ လမ်းစဉ်ကို ပြန်ရွေးရတာ” လို့ ပြောပါတယ်။

ဆန်ကို  ၆ လတကြိမ်နဲ့ ကားကို ၁ နှစ်တကြိမ် အခွန်ကောက်တာတွေရှိပြီး ပြည်သူလူထုကို အတတ်နိုင်ဆုံး ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ဆောင်နေသလို တဖက်မှာလည်း ဖြစ်နေတဲ့ ပဋိပက္ခတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့ လုပ်ဆောင်ရာမှာ  ရပ်တည်ဖို့ လိုအပ်တာကြောင့် အခုလို PNLO အနေနဲ့ မူဝါဒချမှတ်ပြီး လုပ်ဆောင်နေရတာလို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေဟာ နိုင်ငံရေးမတည်ငြိမ်မှုအပြင် ကုန်ဈေးနှုန်းကြီးမြင့်တာ ဝင်ငွေမရှိတာတွေနဲ့ ရင်ဆိုင်နေရပြီး အခွန်ပေးဆောင်ရာမှာ အခက်အခဲတွေရှိတယ်လို့ ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “တချို့ကားရှိတဲ့လူတွေက ဘာမှ ကုန်မတင်လိုက်ရဘူး။ ပိုက်ဆံဝင်ငွေလည်း မရှိဘူး။ အခက်အခဲတွေရှိတယ်။ အခွန်က မပေးလို့မရဘူး။ သူတို့က လက်နက်ကိုင်တော့ အသက်အန္တရာယ်နဲ့ စိုးရိမ်ရတယ်လေ။ တချို့ မရှိတဲ့သူတွေက ချေးငှားပြီး ပေးရတယ်” လို့ ပြောပါတယ်။

ဒေသခံအမျိုးသမီးတဦးက “တနှစ်တခါပေးရတယ်။ ဘိန်းစိုက်ရင် ဘိန်းခွန်ပေးရတယ်။ ကားရှိရင်လည်း ကားခွန်ပေးရတယ်။ စက်ရှိရင် စက်ခွန်လည်း ပေးရတယ်” လို့ ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် / ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) အဖွဲ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013