DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြေနင်းခ နိုင်ငံခြားသား ၁ ဦးလျှင် ဘတ် ၄၅၀ နှုန်းကောက်ခံရေး အကောင်အထည်ဖော်မည်
DVB
·
August 18, 2026
Photo: via Reuters
Photo: via Reuters
Donate to DVB

ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေဆီကနေ  ထိုင်းမြေနင်းခ ကောက်ခံမဲ့ အစီအစဉ်ကို အရင်အစိုးရလက်ထက်တွေမှာ လျာထားခဲ့ပြီး မလုပ်ဖြစ်သေးတာကို အကောင်အထည်ဖော်ဖို့ စီစဉ်နေပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နိုင်ငံခြားသားတွေဆီက ထိုင်းမြေနင်းခ တယောက် ဘတ် ၄၅၀ ကောက်ခံဖို့ကိစ္စနဲ့ ပတ်သက်ပြီး  ဩဂုတ် ၁၄ ရက် ထိုင်းခရီးသွားလာရေးမူဝါဒကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ 

အဲဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးလည်းဖြစ် ဒုဝန်ကြီးချုပ်လည်း ဖြစ်တဲ့ နန်းဆူဖာ့ကြည် ဆုထမ်းဖန်း ဦးဆောင်ကျင်းပပြီး နိုင်ငံခြား ခရီးသွားတွေဆီက တယောက် ဘတ် ၄၅၀ ကောက်ခံမဲ့ ပြဋ္ဌာန်းချက်မူကြမ်းကို သဘောတူညီခဲ့ကြတာပါ။ 

အဆိုပါမူကြမ်းမှာ ထိုင်းနိုင်ငံကို ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းလိုင်းတွေကနေ ဝင်လာတဲ့ နိုင်ငံခြားသားတွေထံမှ ကောက်ခံမယ်၊ အဲဒီ ကောက်ခံရရှိငွေတွေကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေနဲ့  ခရီးသည် ဘေးကင်းလုံခြုံရေးအာမခံစရိတ်မှာ ပြန်လည်အသုံးပြုမယ်၊ လုပ်ထုံးလုပ်နည်းမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအစည်းအဝေး သို့ မတင်ပြခင် ပြည်သူ့သဘောထား ကောက်ခံမှုတွေ အရင်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ 

ပြည်သူ့သဘောထား ကောက်ခံမှုကို လာမဲ့နှစ်စပိုင်းမှာ စတင်မယ်၊ ကက်ဘိနက်က အတည်ပြုပြီး အစိုးရပြန်တမ်းမှာ တရားဝင်ကြေညာပြီးပါက ဒီမူဝါဒဟာ ရက်ပေါင်း ၁၈၀ တွင်း စတင်အသက်ဝင်မယ်၊ ရှေးဦးစွာ လေကြောင်းခရီးစဉ်ကနေ ဝင်ရောက်လာသူတွေဆီက စတင်ကောက်ခံမယ်၊ ကုန်းလမ်းနဲ့ ရေလမ်းတွေမှာတော့ နယ်စပ်ဂိတ်က ပိတ်ဆို့မှု ပြဿနာတွေ ဖြေရှင်းဖို့ ရက်ပေါင်း ၃၅၀ ထပ်မံ အချိန်ယူရမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနဟာ အမှတ် ၄ အမျိုးသားခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေးအစီးအစဉ် (၂၀၂၈ - ၂၀၃၂) နှစ်ကိုလည်း ပြင်ဆင်ရေးဆွဲနေပြီး အဲဒီထဲမှာ အထူးခရီးသွားဧည့်သည်တွေကို ဦးစားပေး အလေးထားရေး၊ ခရီးသွားလုပ်ငန်း တန်ဖိုးမြှင့်တင်ရေး၊ အရေးပေါ်အခြေအနေမျိုးမှာ ခရီးသွားလုပ်ငန်း မရပ်တန့်ဘဲ ရှေ့ဆက်သွားနိုင်အောင် ကြိုတင်ပြင်ဆင်ရေးတွေ ပါဝင်ပါတယ်။ 

ပြည်သူ့သဘောထား ကောက်ယူမှုမှ ရရှိလာတဲ့ အချက်အလက်တွေကို ပညာရှင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းစိစစ်ပြီး ရှေ့ ၅ နှစ်တာကာလတွင်း ထိုင်းခရီးသွားလုပ်ငန်းကဏ္ဍမှာ အားပြိုင်ဘက်နိုင်ငံတွေနဲ့ ယှဉ်ပြိုင်‌ရေး၊ အနာဂတ်ခရီးသွားလာရေး အခြေအနေနဲ့ ကိုက်ညီမဲ့ ရည်မှန်းချက်၊ မဟာဗျူဟာတွေ ချမှတ်သွားဖို့လည်း အဆိုပါ အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ 

Source: Thai PBS News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013