
အမေရိကန်နည်းပညာကုမ္ပဏီ Google ကို EU က ယူရို သန်း ၈၉၀ ဒဏ်တပ်ခဲ့တဲ့အပေါ် အခွန်တိုးကောက်ပြီး လက်တုံ့ပြန်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြောင်း ရိုက်တာက ဖော်ပြပါတယ်။
EU ဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ အခွန်ပေးဆောင်သူတွေကို ဓားပြတိုက်တာပဲလို့ ထရမ့်ပ်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားပြီး အဲဒီအတွက် EU က ပေးဆပ်မှု ကြီးကြီးမားမား လုပ်ရမယ်လို့ သတိပေးထားပါတယ်။
“သူတို့ကို အခွန်တွေ သိသိသာသာတိုးကောက်ဖို့ ကျနော် မျှော်မှန်းထားတယ်” လို့ ထရမ့်ပ်က ရေးသားထားပါတယ်။
၁၉၇၄ ခုနှစ် ကုန်သွယ်မှုဥပဒေအရ ပုဒ်မ ၃၀၁ အရ အီးယူကို အမေရိကန်က ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်လို့ ထရမ့်ပ်က ပြောပါသေးတယ်။
အီးယူဟာ Google ကုမ္ပဏီကို ဒစ်ဂျစ်တယ်ဈေးကွက်ဥပဒေ DMA ချိုးဖောက်မှုနဲ့ ကြာသပတေးနေ့က ယူရို သန်း ၈၉၀ ဒဏ်တပ်ခဲ့တာဖြစ်ပါတယ်။
Google ရဲ့ ကမ္ဘာ့ရေးရာဥက္ကဋ္ဌ ကန့်ဝေါ့ကာက “အီးယူရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုရင် ဥရောပသားတွေ ကြိုက်တဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ လေကြောင်းလိုင်းတွေ အလွယ်တကူ ရှာဖွေနိုင်မှုကို ကျနော်တို့ ဖယ်ရှားရပါလိမ့်မယ်။ Google Play ရဲ့ လုံခြုံတဲ့ ကာကွယ်မှုကိုလည်း ဖယ်ရှားရပါဦးမယ်။ ဒါက မမျှတတဲ့ ယှဉ်ပြိုင်မှုပါ” လို့ ပြောပါတယ်။
Google ဟာ အသုံးပြုသူတွေအတွက် Play Store အပြင်မှာရှိတဲ့ ပိုပြီးဈေးချိုတာတွေကို မပြဘူးလို့ EU က ဆိုပါတယ်။
EU ရဲ့ ဒဏ်တပ်မှုဟာ ကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီကြီး ၁ ခုကို ဒစ်ဂျစ်တယ်ဈေးကွက်ဥပဒေနဲ့ ပထမဆုံးအကြိမ် ဒဏ်တပ်ခဲ့တာပဲ ဖြစ်ပါတယ်။











