DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် အထည်ချုပ်စက်ရုံ ၃ ရုံ ပိတ်သိမ်း၊ ဒေသခံ ၂,၅၀၀ ကျော် အလုပ်လက်မဲ့ဖြစ်
DVB
·
December 29, 2023
ပုသိမ်တွင် အထည်ချုပ်စက်ရုံ ၃ ရုံ ပိတ်သိမ်း၊ ဒေသခံ ၂,၅၀၀ ကျော် အလုပ်လက်မဲ့ဖြစ်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကင်မလင်းကျွန်းစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ ၃ ရုံကို ဒီဇင်ဘာလအတွင်း ပိတ်သိမ်းလိုက်တာကြောင့် ဒေသခံ ၂,၅၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေ‌သခံ‌တွေက ပြောပါတယ်။

ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်းစက်မှုဇုန်မှာရှိတဲ့ North Shore, He Shan, Haubo Times စတဲ့ အထည်ချုပ်စက်ရုံတွေဟာ အလုပ်သမားတွေကို နစ်နာကြေးပေးပြီး ဒီဇင်ဘာလအတွင်း ပိတ်သိမ်းလိုက်ပါတယ်။

ပုသိမ်ဒေသခံ အလုပ်သမားတဦးက “ဒီဇင်ဘာလအတွင်းမှာပဲ အလုပ်သမားတွေကို လအလိုက် နစ်နာကြေးပေးပြီး စက်ရုံကို ပိတ်လိုက်ပါတယ်။ အလုပ်သမားအားလုံး ၂,၅၀၀ ကျော် ၃,၀၀၀ နီးပါးလောက် အလုပ်မရှိ ဖြစ်သွားရတာပေါ့။ အလုပ်လုပ်ကိုင်တဲ့ တော်တော်များများကတော့ ပုသိမ်အပိုင် ကျေးရွာတွေက များပါတယ်။ အလုပ်မရှိကြတော့ စားဝတ်နေရေးက အနည်းအများတော့ ရှိကြတာပေါ့” လို့ ပြောပါတယ်။

ပိတ်သိမ်းလိုက်တဲ့ အထည်ချုပ်စက်ရုံ ၃ ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံတွေဖြစ်ပြီး မီးပုံမှန်မရရှိတာနဲ့ အထည်ချုပ်အော်ဒါ မမှန်တာတို့ကြောင့် ပိတ်သိမ်းလိုက်ရတာဖြစ်ပြီး နောက်ထပ် တရုတ်လူမျိုးပိုင် အထည်ချုပ်စက်ရုံတွေဖြစ်တဲ့ Dong Long, Hakers, Myanmar Knitting တို့ပါ မကြာမီ ပိတ်သိမ်းတော့မယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကျန်တဲ့အထည်ချုပ် အထည်လက်ကျန်တွေရှိလို့ မပိတ်သေးတာ။ အဓိကကတော့ မီးမမှန်တာကြောင့်ဆိုပေမဲ့ စက်သုံးဆီကလည်း လုံလုံလောက်လောက် ဝယ်လို့မရဘူး။ နောက်ပြီး အော်ဒါကလည်း လုံလုံလောက်လောက်မရလို့ စက်ရုံတွေ ပိတ်သိမ်းဖို့ ဖြစ်လာရတာ။”

ပုသိမ်မြို့မှာ အာဏာမသိမ်းခင်က အထည်ချုပ်စက်ရုံ ၁၅ ရုံခန့် ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ အထည်ချုပ်စက်ရုံ ထက်ဝက်ကျော် ပိတ်သိမ်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့မှာ မီးမမှန်တာနဲ့ စက်သုံးဆီ ပြတ်လပ်မှုကြောင့် အသေးစားလုပ်ငန်း အားလုံးနီးပါး လုပ်ကိုင်ဖို့ အခက်အခဲရှိလာပြီး ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013