DVB Logo
Home
မြန်မာသတင်း
ကလေး၊ ကောလင်းနှင့် ပခုက္ကူတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် အရပ်သားအချို့ သေဆုံး၊ နေအိမ်ပျက်စီး
DVB
·
December 29, 2023
ကလေး၊ ကောလင်းနှင့် ပခုက္ကူတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် အရပ်သားအချို့ သေဆုံး၊ နေအိမ်ပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတယောက်ကို ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီး အနီးဝန်းကျင်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က ကလေးမြို့ ပြည်သူ့ဆေးရုံအနီး ဘုရင့်နောင်လမ်းမပေါ်မှာ စစ်တပ်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဉ် အမျိုးသားကို ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် နှောညောင်ပင်ရွာက ကိုအောင်စိုး သေဆုံးခဲ့ပြီး ဆိုင်ကယ်စီးလာတဲ့ လမ်းသွားလမ်းလာ အမျိုးသမီးတဦးလည်း ဝမ်းဗိုက်ထိမှန်ခဲ့သလို အသက် ၆ နှစ်အရွယ် မိန်းကလေးတ‌ဦးလည်း လက်ပြုတ်သွားတယ်လို့ သိရပါတယ်။

ကလေးမြို့ခံတဦးက “မနက် ၉ နာရီဝန်းကျင်လောက် စိမ်းလန်းဈေးနားက သစ်သီးတန်းရှေ့မှာ စစ်သားတွေက စစ်နေတာ။ ဆိုင်ကယ်စီးလာတဲ့သူက ရပ်မပေးတာကနေ သေနတ်နဲ့ လေးငါးချက်လောက် ပစ်လိုက်တာ။ ပစ်ခတ်ခံရတဲ့ အမျိုးသားကတော့ ပွဲချင်းပြီးသေသွားတာ။ ဆိုင်ကယ်စီးလာတဲ့ ကလေးနဲ့ အမျိုးသမီးတယောက်ကတော့ ဒဏ်ရာရပြီး ကာယကံမေတ္တာ လူမှုကူညီရေးကားနဲ့ ပြည်သူ့ဆေးရုံထဲကို သယ်သွားတာ” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှု အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ကိုလည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၈ ရက် မနက် ၁၀ နာရီကနေ ၁၁ နာရီအတွင်း လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၂ ဦးနဲ့ လူကြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ ဝန်းသိုမြို့ စစ်ကောင်စီတပ်ရင်း ၁၂၀ ကနေ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းဒေသခံတဦးက “လက်နက်ကြီးတွေနဲ့ စပစ်တဲ့အချိန်က ၁၀ နာရီခွဲမှာ တလုံး၊ ၁၀ နာရီ ၃၅ မိနစ်မှာ တလုံး၊ ၁၁ နာရီမှာ တလုံး၊ ၁၁ နာရီခွဲမှာ တလုံး၊ စုစုပေါင်း ၄ လုံး ပစ်တာဗျ။ သူတို့ပစ်လို့ သေဆုံးတာတွေလည်း ရှိတယ်။ လူနေအိမ် ၃ လုံးရယ်၊ ဘုန်းကြီးကျောင်းတကျောင်းလည်း ပျက်စီးတယ်”လို့ပြောပါတယ်။ 

အသက် ၆၆ နှစ်အရွယ် ဦးကျော်ဝင်းနဲ့  အသက် ၂ နှစ်အရွယ်န့ ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးသွားတဲ့အပြင်ဆရာတော်တပါးနဲ့ သေဆုံးတဲ့ကလေးနှစ်ဦးရဲ့ မိခင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးချိန်ကစလို့ စစ်ကောင်စီဘက်က အခုလို လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာလည်း ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြစ်ခြေမြို့ကို မနေ့မနက် ၁၀ နာရီလောက်မှာ မြစ်ခြေအခြေစိုက် စစ်ကောင်စီရဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့မြင်းမွေးမြူရေးတပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မြစ်ခြေမြို့ အိုင်ရှေအရှေ့မြောက်ရပ်ကွက်က ဦးသန်းငွေရဲ့ နေအိမ်မှာ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ခြေမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ဦးသန်းငွေရဲ့နေအိမ် ထိခိုက်ပျက်စီးကာ မီတာဘောက် အပါအဝင် အိမ်တွင်းပရိဘောဂပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ ပါတယ်။

ဦးသန်းငွေတို့ လင်မယား ၂ ယောက်ကတော့ နွားတင်းကုတ်တဲထဲမှာ နေနေကြလို့ လူတွေကိုတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။

မြစ်ခြေမြို့အဝင်က ဆောက်လုပ်ရေးရုံးထဲမှာလည်း ဒီဇင်ဘာ ၂၇ ရက်ကတည်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်တပ်စွဲထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တညလုံး အဆက်မပြတ် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013