DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရွှေအသင်း၏ သတ်မှတ်ဈေးနှုန်း ပြင်ပပေါက်ဈေးထက် မြင့်လာ
DVB
·
December 28, 2023
ရန်ကုန်ရွှေအသင်း၏ သတ်မှတ်ဈေးနှုန်း ပြင်ပပေါက်ဈေးထက် မြင့်လာ
Donate to DVB

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်တဲ့ ရွှေ‌ဈေးကွက်ဈေးနှုန်းက ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မှာ ရွှေတကျပ်သားကို ၃,၇၆၂,၅၀၀ ကျပ်ဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ် ပြင်ပပေါက်ဈေးထက် မြင့်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ ဈေးကွက်ထဲမှာ အမှန်တကယ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကတော့ ရွှေတကျပ်သားကို ၃,၇၁၀,၀၀၀ ကနေ ၃,၇၂၀,၀၀၀ ကြားမှာသာ ရှိပေမဲ့ YGEA ရဲ့ သတ်မှတ်နှုန်းထားက ပြင်ပပေါက်ဈေးထက် ၃ သောင်းကျော် ၄ သောင်းဝန်းကျင် ကျော်လွန်နေပါတယ်။

ဝါရင့် ရွှေလုပ်ငန်းရှင်တဦးက “ရန်ကုန်ရွှေအသင်းကတော့ ၃၇ သိန်း ၆ သောင်းကျော်ထိ တင်ထားတယ်။ ဒါပေမဲ့ အပြင်မှာ အလုပ်ဖြစ်နေတာက ၃၇ သိန်း ၁ သောင်းနဲ့ ၂ သောင်းကြားပဲ ရှိပါတယ်။ ထူးထူးခြားခြားပေါ့နော် ရန်ကုန်တိုင်းအသင်းက ဖွင့်တဲ့ဈေးက ပြင်ပပေါက်ဈေးထက် မြင့်နေတာပေါ့” လို့ ပြောပါတယ်။

YGEA က ရွှေဈေးနှုန်းကို AD လိုင်စင်ရ ဘဏ်တွေကြား Online Trading အရောင်းအဝယ်လုပ်တဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းနဲ့ တွက်ချက်ထားတာဖြစ်ပြီး ကမ္ဘာရွှေဈေးကလည်း လက်ရှိမှာ တအောင်စကို ၂,၀၈၆ ဒေါ်လာထိ မြင့်တက် ရောက်ရှိနေပါတယ်။

ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တဦးက “YGEA က ဖွင့်တာကကျတော့ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာပေါက်ဈေးနဲ့ တွက်ပြီး ဖွင့်တာကိုး။ တကယ်ပြင်ပပေါက်ဈေးကွက်မှာ အလုပ်ဖြစ်‌နေတာကကျတော့ ရောင်းလိုအားနဲ့ ဝယ်လိုအားနဲ့ အလုပ်ဖြစ်နေတာ။ အရောင်းအဝယ်က နည်းနည်းပါးပါးပဲ ဖြစ်နေကြပါတယ်။ အဲဒါကြောင့် ဒီနှစ်ခုက ကွာဟနေတာပါ” လို့ မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ရွှေတကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်မှာပဲ ရှိခဲ့ပြီး လက်ရှိမှာ ကျပ် ၃၇ သိန်းကျော်ထိ စံချိန်တင်မြင့်တက် ရောက်ရှိနေပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ကိုင်ရခက်ခဲပြီး အိမ်ထောင်စုဝင်ငွေတွေ လျော့ကျနေတာကြောင့် ရွှေအရောင်းအဝယ်တွေလည်း နည်းပါးနေတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

မြန်မာပြည်ရဲ့ ရွှေဈေးကွက်ဟာ စစ်ကောင်စီ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီလမှာ ဒေါ်လာငွေလဲနှုန်းကို စတင်ကန့်သတ်လိုက်ပြီး အဲဒီနှုန်းထားနဲ့ ရွှေဈေးကို တွက်ချက် ဖွင့်လှစ်ရောင်းချဖို့ ဖိအားပေးခဲ့ပြီးတဲ့နောက် တရားဝင်အရောင်းအဝယ်တွေ မရှိသလောက် လျော့ကျသွားပြီး ရွှေမှောင်ခိုဈေးကွက် စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

YGEA က ဗဟိုဘဏ်ဒေါ်လာငွေလဲနှုန်း ၂,၁၀၀ ကျပ်နဲ့ တွက်ချက်ပြီ ရွှေရည်ညွှန်းဈေး သတ်မှတ်ထုတ်ပြန်ပေးနေရာက အောက်တိုဘာ ၁၂ ရက်ကစပြီး ဘဏ်တွေကြား Online Trading လုပ်တဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းနဲ့ တွက်ချက်ပြီး ရွှေဈေးကို ပြောင်းလဲ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ရန်ကုန်ရွှေအသင်းကသတ်မှတ်တဲ့ ဈေးကွက်ဈေးနှုန်းနဲ့ ပြင်ပဈေးကွက်ပေါက်ဈေး ကွာဟချက် တဖြည်းဖြည်း လျော့ကျလာပြီး ဒီကနေ့မှာတော့ ရန်ကုန်ရွှေအသင်း (YGEA) ရဲ့ သတ်မှတ်ဈေးနှုန်းက ပြင်ပပေါက်ဈေးထက် ပထမဆုံးအကြိမ် မြင့်တက်လာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013