DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် သုံးဘီးဆိုင်ကယ်များကိုသာ ငှားရမ်းကြသဖြင့် ဆိုင်ကယ်ကယ်ရီသမားများ အခက်တွေ့
DVB
·
December 28, 2023
မြိတ်တွင် သုံးဘီးဆိုင်ကယ်များကိုသာ ငှားရမ်းကြသဖြင့် ဆိုင်ကယ်ကယ်ရီသမားများ အခက်တွေ့
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူတွေက ဆိုင်ကယ်ကယ်ရီတွေ အစား သုံးဘီးဆိုင်ကယ်တွေကိုသာ အဓိကရွေးချယ်ပြီး ငှားရမ်းသွားလာကြတယ်လို့ ဆိုင်ကယ် ကယ်ရီသမားတွေဆီက သိရပါတယ်။

အခုလို သုံးဘီးဆိုင်ကယ်တွေကို လူတွေက အဓိက ငှားရမ်းပြီး သွားလာနေကြတဲ့အတွက် ဆိုင်ကယ် ကယ်ရီသမားတွေမှာ ပုံမှန်ခရီးစဥ်တွေကို သိပ်မပြေးဆွဲရတော့ဘဲ ဝင်ငွေလျော့နည်းလာတာကြောင့် အခက်အခဲဖြစ်လာတယ်လို့ ကယ်ရီသမားတဦးက ပြောပါတယ်။

“သုံးဘီးက တနေ့ကို သုံးခေါက်လောက် ဆွဲနေရတယ်ဆို ကယ်ရီက တခေါက်လောက်ပဲ ဆွဲလို့ရတယ်။ ကယ်ရီစီးတဲ့သူတွေက အဲဒီလောက်ထိ နည်းသွားတယ်။ အဓိကတော့ ယောကျ်ားနှစ်ယောက်မစီးရ အမိန့်ကြောင့် ကယ်ရီသမားတွေ ခက်ခဲလာတာပါ။ ကယ်ရီတစီးမှာ ယောကျ်ားတယောက် တင်လာလို့ စစ်ဆေးခံရရင် ကယ်ရီသမား ဆိုတဲ့ ခေါင်းစဥ်အောက်က မစစ်ဆေးဘဲ ယောကျ်ားနှစ်ယောက်စီးလို့ပဲ ခေါင်းစဥ်တပ်တော့ လူတွေလည်း လိုက်မရဲတော့ဘူး။ ကယ်ရီသမားတွေလည်း တင်ဆောင်မရဲတော့ဘူး။ ပိုက်ဆံရှိတဲ့ ပုံမှန်မိသားစုတွေကတော့ သုံးဘီးကို ပြောင်းစီးကြတယ်။ မရှိတဲ့လူအတွက်က ဆိုင်ကယ်နဲ့ပဲ ကယ်ရီဆွဲပြီးတော့ တရက်ကို ဆန်ဖိုး၊ ဆီဖိုးရအောင် မနည်းလုပ်နေရတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့။”

မြိတ်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်တစီးမှာ အမျိုးသားနှစ်ဦး လိုက်ပါစီးနင်းတာကို စစ်ကောင်စီက တားမြစ်ထားတာဖြစ်ပြီး တွေ့ရှိပါက ဖမ်းဆီးအရေးယူ ဆောင်ရွက်နေတဲ့အပြင် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာမျိုးအထိပါ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် မြိတ်မြို့အတွင်းရှိ အဓိကလမ်းမကြီးတွေနဲ့ ရပ်ကွက်တွေထဲက လမ်းတွေအထိကိုပါ ဆိုင်ကယ်ဦးထုပ်နဲ့ တခြားစစ်ဆေးဖမ်းဆီးမှုတွေလုပ်ပြီး ဒဏ်ကြေးဆောင်ခိုင်းတာတွေကြောင့် လူတွေက ဆိုင်ကယ် ကယ်ရီ မစီးကြတော့ဘဲ သုံးဘီးဆိုင်ကယ်တွေကိုသာ ရွေးချယ်ပြီး စီးနင်းလာကြတာလို့ မြို့ခံတဦးက ပြောပါတယ်။

“အာဏာသိမ်းပြီးတော့ ယောကျ်ားနှစ်ယောက်မစီးရ အမိန့်ထုတ်ပြီးနောက်မှာ လူတွေက ဆိုင်ကယ်ငှားစီးရင် လုံခြုံမှုမရှိတော့ဘူးလို့ ခံစားလာရတော့ သုံးဘီးပဲ ရွေးချယ်လာကြတာပါ။ ပြီးတော့ သုံးဘီးစီးပြီး ပေးရတဲ့ပိုက်ဆံကလည်း ဆိုင်ကယ်စီးတဲ့ ဈေးနှုန်းနဲ့ ၁,၀၀၀၊ ၂,၀၀၀ လောက်ပဲ ပိုတယ်။ ဆိုင်ကယ်မှာဆို မိန်းမတယောက်ပဲ တင်ရတယ်။ သုံးဘီးမှာကျတော့ အနည်းဆုံး သုံးယောက်လောက် တင်ရတယ်။ ဈေးနှုန်းလည်း အဆင်ပြေတယ်။ လုံခြုံသလိုလည်း ဖြစ်တာပေါ့လေ။”

အာဏာမသိမ်းခင်က ကယ်ရီသမားတွေမှာ တနေ့ကို ၃ သောင်းလောက်အထိ ခရီးစဥ်ပြေးဆွဲနေရပြီးတော့ အခုလက်ရှိမှာတော့ ခရီးစဉ်အများကြီး ပြေးဆွဲရတဲ့နေ့တွေမှာတောင် ကျပ် ၁ သောင်းခွဲလောက်ထိသာ ရနိုင်တော့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဝန်းကျင်လောက်ကတော့ မြိတ်မြို့မှာ သုံးဘီးဆိုင်ကယ်တစီးကို သိန်း ၂၀၀ နီးပါးအထိ ဈေးတက်သွားတယ်လို့ သိရပြီး လက်ရှိမှာတော့ သုံးဘီးယာဥ်တစီးကို ကျပ်သိန်း ၁၆၀ ပေါက်ဈေးရှိတယ်လို့ သုံးဘီးအရောင်းဆိုင်တချို့ဆီက သိရပါတယ်။

ကမ်းရိုးတန်းမြို့ဖြစ်တဲ့ မြိတ်မြို့မှာ ဆိုင်ကယ်တွေကိုသာ အဓိက အားထားပြီး မောင်းနှင်သွားလာနေကြတဲ့ မြို့တမြို့ဖြစ်ပြီး အာဏာသိမ်း အစောပိုင်းကာလအထိ ဆိုင်ကယ်တစီးကို အမျိုးသားနှစ်ဦး လိုက်ပါစီးနင်းလို့ရပေမဲ့ စစ်ကောင်စီက အမိန့်သတ်မှတ်လိုက်ပြီးနောက်မှာ အသွားအလာ အခက်အခဲ ကြုံလာရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013