
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ရှိ အစ္စရေးသံရုံးနားမှာ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းတွေအားလုံး အထိအခိုက်မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒေသစံတော်ချိန် ညနေ ၅ နာရီကျော်လောက်မှာ သံရုံးနားမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကို ဒေသတွင်း လုံခြုံရေးအဖွဲ့တွေက စုံစမ်းစစ်ဆေးနေတယ်လို့ အိန္ဒိယဆိုင်ရာ အစ္စရေး ဒုတိယသံအမတ်ကြီး အိုဟဒ်နာကာ့ရှ်ကေနာက ပြောပါတယ်။
ပေါက်ကွဲအပြီး ဝန်ထမ်းတွေအားလုံး မထိခိုက်ခဲ့ဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ရှာဖို့ အစ္စရေးအာဏာပိုင်တွေက အိန္ဒိယ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
မြို့တော်မီးသတ်ဌာနက သူတို့ရှာဖွေနေတာမှာ ခုအချိန်အထိ ဘာမှမတွေ့သေးဘူးလို့ အကြီးတန်း မီးသတ်ဌာန တာဝန်ရှိသူ အတူးလ် ဂတ်ဂ်က အိန္ဒိယသတင်းဌာန ANI ကို ပြောပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းကလည်း နယူးဒေလီမြို့တော်က အစ္စရေးသံရုံးနားမှာ ဗုံးအသေးတလုံး ပေါက်ကွဲခဲ့ပြီး ဘယ်သူမှ မထိခိုက်ခဲ့ပါဘူး။
အဲဒီအချိန်က ဗုံးပေါက်ကွဲမှုကို အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်အဖြစ် အစ္စရေးက သတ်မှတ်ခဲ့တယ်လို့ အစ္စရေးအရာရှိတဦးက ပြောပါတယ်။
Source/Photo-Reuters