DVB Logo
Home
Lead Story
ဂဠုန် ကြင်စိုး
DVB
·
December 27, 2023
ဂဠုန် ကြင်စိုး
Donate to DVB

( က )

မြို့ကြီးပြကြီးတွေပေါ်မှာတော့ ဆောင်းက ဘယ်လိုနေသည်မသိ၊ သည်ရွာမှာတော့ အေးစိမ့်လွန်းလှသည်။ ရှိသမျှအနွေးထည်တွေ ထပ်၍ဝတ်ပြီး မီးပါလှုံကြရလေ၏။ ညနေစောင်းလျှင် ရေထိမခံနိုင်တော့သည့်အတွက် နေ့လယ် ၂ ချက်တီးလောက် နောက်အကျဆုံးထား၍ ရေချိုးကြရလေသည်။

သည်လောက်အေးလှသည့် ဒေသရပ်ဝန်းမှာ အိမ်နှင့်ယာနှင့် လုံလုံခြုံခြုံရှိနေကာ သင့်တင့်သော အစာရေစာ ရရှိနေသေးခြင်းကား ကံကောင်းလွန်းလှပါပေ၏။ အခြား မြန်မာပြည် အနှံ့အပြားက ဖက်ဆစ်တပ်တွေ မြေလှန်ပြီး မီးရှို့အဖျက်ဆီးခံခဲ့ရသည့် အိမ်ရာမဲ့ အစားအစာမဲ့ သွေးရင်းတို့၏ ပုံရိပ်တွေကို လူမှုကွန်ရက်တွေပေါ်မှာ စိတ်မချမ်းမြေ့စရာ မြင်တွေ့ရသည့်အခါ “မ_ _” ဟုသာ ပျစ်ပျစ်နှစ်နှစ် နှုတ်ကထွက်ဖြစ်ကြောင်း အဘစောမူးသာက ပြောပါ၏။

“ဟုတ်တယ်မူးသာ . . . အရင်တုန်းက မဆဲတတ်ခဲ့တဲ့ မင်းတို့ ငါတို့တွေတောင်မှ အဆဲကျွမ်းလာတာ ၃ နှစ်ပြည့်တော့မဟ။”

“အဲဒါ ငါတို့ကို အယုတ္တ အနတ္တ ကျကျနန ပိုင်ပိုင်နိုင်နိုင် ဆဲတတ်အောင် သင်ကြားပေးတဲ့ ကြင်စိုး သာဝ အယုတ်တမာ မအလရဲ့ ကျေးဇူးတွေကြောင့်ပေါ့ကွ”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

အဘစောမူးသာနဲ့ စစ်ပြန်ကြီး အဘလုံးတုံးတို့ကတော့ အတိုင်အဖောက်ကို ညီလို့ခင်ဗျ။ ပြီးတော့ အဓမ္မကောင်ကြင်စိုး သာဝ မအလဟာ သည်လိုမျိုး အဆဲခံထိုက်တဲ့ ပုဂ္ဂိုလ်ရှော်ဖြစ်ပြီး သူ့ရဲ့ ဘဝပေးအခြေအနေအရ ‘မအလ’ ဆိုပြီး အချိန်ကိုက် နေ့နာမ်ကိုက် စကားလုံးကိုက် ကွက်တိကို ‘ဖြစ်’ ခဲ့တာ ထူးခြားတယ်ကွဟုလည်း ဆိုကြပါ၏။

“ခုဆိုရင် ဒီအယုတ်တမာကောင်ကို မြန်မာတပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် စကားပြောတတ်ကာစ ကလေးကနေ အသက်အရွယ် ကြီးရင့်သူတွေအထိ ‘မအလ’ လို့ပဲ ခေါ်ကြတာလည်း ထူးခြားမှုပဲကွ”

“ဒါကလည်း သူနဲ့ထိုက်တန်တဲ့ဘွဲ့ကို သူရခဲ့တာပဲလေကွာ . . .”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

အားလုံး ပေါ့ပေါ့ပါးပါး ဟားနေကြသော်ငြား စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား သိပ်ပြီး ကြိုက်လှပုံမပေါ်။ တခုခု ပြောချင်နေပုံရ၏။

“ဗိုလ်ချုပ်မှူးကြီးကို ‘မအလ၊ မအလ’ လို့ ရိုင်းရိုင်းပြပြ မခေါ်သင့်ပါဘူးကွာ”

“ဟေ . . . ဘာဖြစ်လို့လဲ စိမ်းမောင်ရ”

“ဘာဖြစ်ရမလဲ . . . ‘ရိုင်း’ လို့ပေါ့ဟ”

“‘မအလ’ ဆိုတာ ပြည်သူတွေကပေးထားတဲ့ သူ့နာမည် ‘အတိုကောက်’ လေကွာ”

“အဲ . . . အဲဒါ . . . ရိုင်းတာပေါ့ကွာ”

“ဒီမှာစိမ်းမောင် . . . ငါ့နာမည်က ‘စောမူးသာ’ ဆိုတော့ မင်းတို့ငါ့ကို ‘စမသ’ လို့ခေါ်၊ ငါ ဘာမှမပြောဘူး”

“အဲ . . . ‘မအလ’ ဆိုတာကြီးကတော့ မခေါ်သင့် မသုံးသင့်ပါဘူးကွာ”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

“အဲဒါဆိုလည်း ‘မအလ၊ နမလ၊ ကမကလ’ လို့ ပြောင်းခေါ်ပေးကြပါ့မယ်ကွာ” ဟု အဘလုံးတုံးက ဝင်ပြောတော့ အဘစိမ်းမောင် နှုတ်ပိတ်သွားပါလေတော့၏။

( ခ )

သို့ဖြင့် စကားဝိုင်းမှာ ‘နာမည်တွေ’ ဆီသို့ ရောက်ရှိလို့ သွားပါလေတော့၏။ အချို့လူများတွင် ဘယ်လိုပင် ‘အမည်ရင်း’ ရှိထားရှိထား အကြောင်းအမျိုးမျိုးကြောင့် ထိုအမည်ရင်းမှာ ပျောက်ကွယ်သွားကာ အရပ်မှ၊ ကျောင်းမှ၊ ပြည်သူလူထုမှ ပေးအပ်သည့် အမည်သစ်မှာ သူ့ဘဝတောက်လျှောက် သေရာပါဖြစ်သွားတတ်သည့် သဘာဝရှိကြောင်း ပြောကြပါ၏။

“လူတဦးကို အရပ်က နာမည်ပေးရင် ‘တခု’ ပေါ့ကွာ၊ အဲသည်နာမည်ဟာ ‘တွင်’ သွားပြီး ကြာလာတဲ့အခါ အဲသည်လူရဲ့ အမည်ရင်းကိုပါ လူတွေက မေ့ကုန်ကြတယ်”

“မူးသာပြောတာ ဟုတ်သဟ”

“ဒါပေမယ်လို့ ထူးခြားတာရှိတယ်ကွ။ အခု အယုတ်တမာကောင်မှာကျတော့ ပြည်သူလူထုက ပေးထားတဲ့ နာမည်တွေဟာ အများကြီးပဲ။ အဲဒီနာမည်တွေအားလုံးဟာ ‘ပေါက်’ လည်းပေါက်တယ်၊ သူနဲ့လည်း လိုက်ဖက်နေတယ်လေ”

“အေး . . . ဟုတ်သဟ၊ ‘ကြောင်ချီး’ တဲ့၊ ‘ဘိုတု’ တဲ့၊ ‘တက်ပု’ တဲ့၊ ‘ဂျပေါင်ကု’ တဲ့၊ ‘ငမွေထိုး’ တဲ့၊ ‘ကြင်စိုး’ တဲ့၊ ‘သာဝ’ တဲ့၊ ‘မအလ’ တဲ့”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

“အခုဆိုရင် နောက်ထပ်နာမည်အသစ်တွေတောင်မှ ထပ်ပြီး ရရှိနေပြန်ပြီတဲ့ကွာ”

“ဟေ . . . ဟုတ်လားမူးသာရ၊ လုပ်ပါအုံး၊ ဘယ်လိုတဲ့တုန်းကွ”

“‘တပ်ပြုတ်ကြီး’ တဲ့ ဟ”

“ဟားဟား ဟားဟား ဟားဟား”

“ဒီလူယုတ်မာကလည်း ဟိုတုန်းက သတင်းစာထဲပါနေကျ သူခိုး ဂျပိုးတွေ၊ ခါးပိုက်နှိုက်တွေ၊ ဓားပြတွေ၊ မုဒိမ်းကောင်တွေလို နာမည်အများကြီးနဲ့ပါလား ဟ”

“အေးကွ . . . နောင်တချိန် သူ့ကိုဖမ်းမိလို့ သတင်းစာထဲမှာ တရားခံအမည်ရေးရင်တော့ ကော်လံနေရာ တော်တော်ပြည့်သွားမှာပဲဟ”

“‘ကြောင်ချီး (ခ) ဘိုတု (ခ) တက်ပု (ခ) ‘ဂျပေါင်ကု’ (ခ) ငမွေထိုး (ခ) ကြင်စိုး (ခ) သာဝ (ခ) မအလ (ခ) သောင်းလှိုင်သား (ခ) တပ်ပြုတ်ကြီး (ခ) . . . .  (ခ) . . . . . . (ခ) . . . . . .’”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

“အေးကွာ . . . လောကမှာ လူတွေဟာ ‘နာမည်တလုံး’ ရဖို့အရေး နေ့မအား ညမအား တဘဝလုံး ကြိုးစားခဲ့ကြရတာဖြစ်ပြီး ဒင်းကျတော့မှ နာမည် လေးငါးဆယ်လုံးရဖို့ သိပ်ကို မကြိုးစားလိုက်ရပါဘူးဗျား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

( ဂ )

အဘတို့အဆိုအရ မအလဆိုသည့် အယုတ်တမာကောင်ကြီးမှာ မသေမချင်း နောက်ထပ် နောက်ထပ်လည်း အမည်သစ်များစွာ ထပ်မံ၍ ထပ်မံ၍ ရရှိနေဦးမှာဟု ယုံကြည်ရပါလေ၏။

“အခုလည်း ဖက်ဆစ်တပ်ရဲ့ အကျအဆုံးများပြားမှု၊ CDM ဝင်မှု၊ လက်နက်ချမှု၊ အလံဖြူထောင်မှုတွေကြောင့် အင်အားလုံးဝမရှိတော့တဲ့အခါ ရုရှားကိုအတုယူပြီး မကြံသင့်တာတွေ ကြံစည်နေပြန်ပြီလေကွာ”

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီးတဲ့နောက် ရှေ့တန်းမှာ အထိနာပြီး စစ်သားအင်အား အရေးတကြီး လိုအပ်လာတဲ့အခါ ရုရှားအကျဉ်းထောင်တွေထဲက ရာဇဝတ်သားတွေကို စည်းရုံးပြီး ‘ဗက်ဂနာ’ လို ကြေးစားအဖွဲ့က စီမံခန့်ခွဲကာ ယူကရိန်းကို တိုက်ခိုက်သလို မအလကလည်း အကျဉ်းထောင်တွေထဲက နှစ်ရှည်ပြစ်ဒဏ်ကျ စစ်သားဟောင်းတွေကို လွတ်ငြိမ်းခွင့်နဲ့မျှား၊ စစ်ဝတ်စုံတွေ ပြန်ဝတ်ပေးပြီး ပြည်သူနဲ့ တိုက်ခိုက်နေရတဲ့ စစ်မြေပြင်တွေဆီကို လွှတ်နေပြီဖြစ်ကြောင်း သိရပါလေ၏။

“အဲသည်မှာလည်း မအလအတွက် နောက်ထပ်အမည်သစ်တခု ထပ်ပြီးရလိမ့်ဦးမကွ”

“ဘယ်လိုများတုန်း လုံးတုံးရ”

“‘ဂဠုန်မအလ’ ပေါ့ဟ၊ သူက အကြံကုန်နေပြီ ကိုးကွ”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား ဟား”

သို့ဖြင့် လုံးဝအကြံကုန်နေပြီဖြစ်ပြီး သူ၏ ဘုရင်ရူး သမ္မတရူး စိတ်ကူးယဉ်အိပ်မက်များ ပျက်ပြယ်သွားခဲ့ရပြီဖြစ်သည့် မအလမှာ ညညဆိုလျှင် သူငယ်ငယ်က ကြိုက်နှစ်သက်ခဲ့သည့် စိုင်းဆိုင်မောဝ်၏ ‘တောင်ပြာတန်းကသိတယ်’ သီချင်းကိုသာ ထပ်ကာတလဲလဲ ဆိုနေတာကို ကြားရသည်ဟု တပ်တွင်းဖရဲသီးတလုံးက ဖောက်သည်ချကြောင်း အဘလုံးတုံးက မချိုမချဉ် ပြုံးကာ ပြောပြပါလေ၏ခင်ဗျာ။

“ဘယ်သီချင်းကို ဘယ်လိုတွေများ ဆိုနေတာလဲ လုံးတုံးရာ . . . ပြောပြစမ်းပါဦးကွာ”

ထိုအခါ စစ်ပြန်ကြီး အဘလုံးတုံးက လည်ချောင်းကို တချက်ရှင်းကာ ရေနွေးကြမ်းတခွက်ကို မော့ချလိုက်ပြီး သကာလ အောင်မြင်ခန့်ညားလှသည့် သူ၏ဘယ်သံဝါကြီးဖြင့် အောက်ပါအတိုင်း ဋ္ဌာန်ကရိုင်းကျစွာ သီဆိုပြပါလေတော့သတည်း။

“ကြူ  ရ ယ် . . .

အထင်တော့ မလွဲလိုက်နဲ့ဦး

သမ္မတများ ဖြစ်မလာတော့တာ

ကြင့်အပေါ်မှာ မညိုညင်ပါနဲ့ ကွာ . . .

ကြင်လို အာဏာရူးဘဝမှာ

ဖြစ်ချင်ရာ မဖြစ်တော့ပါ

ဒါကို ကြူ လည်း သိနေတာ . . . ဟာ

တောတောင်ကို ကျော်ကာဖြတ်လို့

ဒရုန်းတွေ လေမှာဝဲလို့

မောင့်ရဲ့ထိပ်ကို ချိန်လာ

ဒါတွေကို တောင်ပြာတန်းက . . .

အသိဆုံးပါ ကြူရယ်

ပြေးကြည့်ပါကွယ် . . .

မောင့်သဘောနဲ့ ပြောပြရရင်

အာဏာသိမ်း အဖွဲ့ငယ်လေးနဲ့

အမြဲထာဝစဉ် အတူပျော်ချင်သပေါ့နော် . . .

ဒါပေမဲ့ ရှေ့တန်းရောက်နေ

ရဲဘော်တွေလေ

ငါတို့ကိုလေ ကာကွယ်ရင်းနဲ့

စစ်မြေမှာ မုန့်ဟင်းခါးတွေကပို . . . ။”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013