DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်း လဝက က မှတ်ပုံတင်ပြုလုပ်သူများထံမှ ငွေကြေး မတရားတောင်းခံနေ
DVB
·
December 25, 2023
မော်လမြိုင်ကျွန်း လဝက က မှတ်ပုံတင်ပြုလုပ်သူများထံမှ ငွေကြေး မတရားတောင်းခံနေ
Donate to DVB

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း မှတ်ပုံတင်လုပ်ရာမှာ ငွေကျပ် ၇ သောင်း ကနေ ၁ သိန်းအထိ ပေးနေရတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသက် ၁၆ နှစ် ပြည့်ပြီးသူတိုင်း မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပြီး မပြုလုပ်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ ကြေညာတော့ ကြောက်လို့ သွားလုပ်ရတာ။ လွယ်လွယ်လုပ်မရပါဘူး၊ လွယ်လွယ်ရချင်ရင် ငွေပေးရတယ်။ ကိုယ်က ဒီလောက်ပေးရမယ် မထင်ပါဘူး၊ ၇ သောင်းအထိ တောင်းတာ၊ မပေးရင် ဟိုရစ် ဒီဟောက် လုပ်သေးတယ်။ ကိုယ်ပေးရတဲ့ ငွေအမောင့်ထက် ပိုပေးရတဲ့သူတွေလည်း ရှိတယ်။ မေးကြည့်တော့ ၁ သိန်းပေးရတာတဲ့၊ ဒါဆို ကိုယ်က တော်သေးတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။

အရင် NLD အစိုးရလက်ထက်တုန်းက ၄,၅၀၀ ကျပ် အမြင့်ဆုံးပေးရပြီး လက်ရှိ စစ်ကောင်စီက အာဏာသိမ်းထားတဲ့ အချိန်မှာလည်း ပုံမှန်ဆို ၇,၀၀၀ ကနေ ၁၀,၀၀၀ အထိပဲ ပေးရတယ်လို့ ဆိုပါတယ်။

လ.ဝ.ကရုံးကို နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) သွားလုပ်ရာမှာ လိုအပ်တာထက်ပိုပြီး ကုန်ကျစရိတ်တွေ ရှိနေတဲ့အတွက် ငွေကြေးကုန်ကျမခံနိုင်တာကြောင့် မှတ်ပုံတင်မလုပ်ဘဲ အဖမ်းခံတော့မယ်လို့ ဆုံးဖြတ်တဲ့သူတွေ ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပုံစံအမျိုးအမျိုးနဲ့ကို ရစ်တာ၊ ၁၆ နှစ်ပြည့်မှတ်ပုံတင် လုပ်မယ်ဆိုရင် သန်းခေါင်စာရင်း မူရင်း/မိတ္တူ၊ မွေးစာရင်း၊ မိဘနှစ်ပါးမှတ်ပုံတင်၊ သွေးစစ်လက်မှတ်၊ ရပ်ကွက်ထောက်ခံစာ ပါရမယ်။ ဒါတွေအစုံမပါဘူးဆို မရဘူး။ အစုံပါတော့ ရဲစခန်းထောက်ခံစာ၊ ဆည်မြောင်းလက်မှတ်၊ ငါးလုပ်ငန်းလက်မှတ်၊ ထွေအုပ်လက်မှတ်တွေ တောင်းတယ်။ အသက် ၁၆ နှစ်ကလေးကို ဘိုးဘေးတွေ မေးတယ်။ ပြဿနာရှာနေတာနဲ့ အတူတူပဲ။ ထိန်းကြောင်း ကြပ်မတ် လုပ်ဆောင်တာ မရှိဘူး။ နောက်မိဘတယောက်က မှတ်ပုံတင်ပျောက်နေရင် လ.ဝ.က အတွက်က ရစ်ခွင်ပဲ။ အဲ့လိုအခြေအနေတွေမှာ မှတ်ပုံတင် မလုပ်တော့ဘူး။ အဖမ်းပဲခံတော့မယ်၊ ဆုံးဖြတ်တဲ့သူတွေ ရှိနေတယ်။”

အထက်က တာဝန်ပေးချက်အရဆိုပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယအပတ်က အသံချဲ့စက်တွေ အသုံးပြုပြီး အသက်ကျော် မှတ်ပုံတင်တွေ လဲကြဖို့၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ မှတ်ပုံတင်စာရင်း ကွဲလွဲတာ၊ မှတ်ပုံတင် အပိုကိုင်ဆောင်တာ၊ အသက် ၁၆ နှစ်ပြည့်နေရင် မဖြစ်မနေ မှတ်ပုံတင်လုပ်ဖို့နဲ့ ပျောက်ဆုံး၊ ပျက်စီးတာတွေ ရှိရင် နီးစပ်ရာ မြို့နယ်လဝကရုံးကို ချက်ချင်း သွားရောက်ဖြေရှင်း ဆောင်ရွက်ဖို့နဲ့ သွားရောက်မလုပ်ဆောင်ရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်ဆိုပြီး လှည့်လည်ကြေညာခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ အရင် NLD ပါတီရဲ့ အရပ်သားအစိုးရလက်ထက်က မှတ်ပုံတင်လုပ်တဲ့အခါ ငွေပေးရတာတွေ ရှိတယ်ဆိုပြီး ဒေသခံတွေ ပြောဆိုမှုကြောင့် အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပြီး အခုလို များပြားတဲ့ ပမာဏအထိ တောင်းယူတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013