DVB Logo
Home
မြန်မာသတင်း
ပလတွင် ၃ နှစ်အရွယ် ကလေးအပါအဝင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီး၊ ဘူးသီးတောင်တွင် ပြည်သူ ၁ ဦးကိုဖမ်းဆီး
DVB
·
December 24, 2023
ပလတွင် ၃ နှစ်အရွယ် ကလေးအပါအဝင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီး၊ ဘူးသီးတောင်တွင် ပြည်သူ ၁ ဦးကိုဖမ်းဆီး
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမှာ ဆန်စက်ပိုင်ရှင် မိသားစုဝင် ၄ ယောက်ကို ဖမ်းဆီးခဲ့ပြီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာလည်း ဒေသခံတယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ပလမြို့က ဆန်စက်ပိုင်ရှင်ရဲ့ သမီးဖြစ်သူ အသက် ၃၀ ကျော်အရွယ် ဒေါ်ချိုဇင်မြတ်နဲ့ မြေးဖြစ်သူ အသက် ၃ နှစ်အရွယ် မောင်နေသွေးအောင်ကို နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန်စက်ပိုင်ရှင် အသက် ၆၀ ကျော်အရွယ် ဦးလှညွန့်(ခ)ဦးသာအိနဲ့ သမက်ဖြစ်သူ အသက် ၃၀ ကျော်အရွယ် ကိုနေဇော်အောင်ကတော့ ပလရဲစခန်းရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိသားစုနဲ့ နီးစပ်သူတဘောက်က “ဘာကြောင့် ဖမ်းဆီးလဲဆိုတာ အတိအကျ မသိရသေးဘူး။ သမီးဖြစ်သူနဲ့ မြေးဖြစ်သူကို နေအိမ်မှာ အရင်ဖမ်းတာပါ။ သမက်ဖြစ်သူက မြိတ်ကနေ ပလကို ခရီးသည်ကား မောင်းနေတာပါ။ မြိတ်ကနေ ပြန်ရောက်ကြောင်း ပလရဲစခန်းရဲ့ စစ်ဆေးရေးဂိတ်မှာ လက်မှတ်သွားထိုးတာ ဆွဲခံထိတယ်။ ဦးသာအိကတော့ ပလမြို့ကို ဆန်သယ်လာချိန် အဲဒီစစ်ဆေးရေးဂိတ်မှာပဲ ဖမ်းဆီးခံရတာပါ” လို့ ပြောပါတယ်။

မြိတ်ခရိုင်၊ တပ်ရင်း ၁၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ငွေညှစ်ချင်လို့ ဖမ်းဆီးတာဖြစ်ပြီး အရင်ကလည်း အဲလိုမျိုးဖြစ်စဉ်တွေ ရှိဖူးတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ဆန်စက်ပိုင်ရှင်မိသားစုကို ဖမ်းဆီးရာမှာ ဖုန်းတွေကို စစ်ဆေးတာအပြင် ခရီးသည်ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးနဲ့ မိသားစုဝင်ဖုန်းတွေပါ သိမ်းဆည်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဆန်စက်ပိုင်ရှင်မိသားစုကို ပလမြို့ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစုနဲ့တွေ့ခွင့်မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာတော့ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ဒေသခံပြည်သူတယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘူးသီးတောင်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ ည ၁၁ နာရီကျော်လောက်က စစ်ကောင်စီတပ်သား အင်အား ၃၀ လောက် ကား ၂ စီးနဲ့ လာရောက်ပြီး အသက် ၄၁ နှစ်အရွယ် ဦးဉာဏ်လင်းကို ဖမ်းဆီးသွားတာလို့ ဘူးသီးတောင်မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သူ့ဆီက လက်ကိုင်ဖုန်း ၁ လုံး၊ လက်စွပ် ၁ ကွင်း၊ ငွေ ၃ သိန်းကျပ်နဲ့ ဓာတ်ဆီ ၁ ဘူးကိုလည်း စစ်ကောင်စီတပ်က အဓမ္မသိမ်းယူသွားပြီး ဦးဉာဏ်လင်းရဲ့ အစ်ကိုတော်စပ်သူ ဦးတင်အောင်ဝင်းရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်မွှေနှောက်သွားကြလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၂၀၀ ကျော် လောက်ကို အေအေနဲ့ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013