DVB Logo
Home
မြန်မာသတင်း
ဖောင်းပြင်မြို့ကို စစ်ကောင်စီက ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ပြီး ပြည်သူ ၁ ဦးသေ
DVB
·
December 24, 2023
ဖောင်းပြင်မြို့ကို စစ်ကောင်စီက ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ပြီး ပြည်သူ ၁ ဦးသေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီက ၄ ရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

ဒီဇင်ဘာ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖောင်းပြင်မြို့နယ်ဟာ မုံရွာ-ဖောင်းပြင်- ရွှေပြည်အေးလမ်းပိုင်းမှာ အရေးပါနေပြီး တိုက်ပွဲတွေကြောင့် လမ်းတလျှောက်က ယာဉ်ကြောပိတ်ဆို့နေတုန်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ရေးမတည်ငြိမ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ရပ်တန့်နေပြီး အဲဒီဒေသမှာ နယ်မြေ ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

ဖောင်းပြင်လေကြောင်းသတင်း ကင်းထောက်က “ဖောင်းပြင်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ရှိသွားပြီ။ အရှေ့ခမိုင်း၊ အနောက်ခမိုင်း၊ သက္ကယ်ကျင်းနဲ့ ကြားထဲက ရွာတရွာနဲ့ ၃ ရွာကို ပစ်သွားတယ်။ ပထမပစ်လိုက်တဲ့အချိန်တုန်းက ထိခိုက်မှုမရှိဘူးတဲ့။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ပစ်သွားတယ် ပြောတယ်။ ဒုတိယရက်ကတော့ ရွာသား ၁၁ ယောက် ထိတယ် ပြောတယ်။ တယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ ကျန်တဲ့ ၁၀ ယောက်က ဒဏ်ရာရတယ် ပြောတယ်။ မနေ့ကတော့ မြေပြင်အနေအထား ဘာမှမသိရသေးဘူး။ အဲဒီဘက်က ဖုန်းလိုင်းတွေ ပျက်နေတော့ ဆက်သွယ်လို့ မရသေးပါဘူး။ အခု ညီမတို့ဘက်က လေကြောင်းသတင်းကိုရတော့ သူတို့ဘက်ကို ဆက်သွယ်တော့ ဖောင်းပြင်တကွင်းလုံးက ဖုန်းက ပြတ်တောက်နေတော့ လုံးဝဆက်သွယ်လို့မရသေးပါဘူး။ အဓိကက MI 2 နဲ့ တောက်လျှောက် လုပ်နေတာလေ။ ဟုမ္မလင်းက တက်လာတဲ့ MI 2 နဲ့ လုပ်တာရှင့် အခုက။ မြေပြင်မှာ ရွာသားတွေရှိရှိ ဘာပဲရှိရှိဆိုတဲ့ဟာမျိုးနဲ့ အဓိကပင်မကတော့ ရွာသားတွေကို ပစ်မှတ်ထားပြီး ပစ်နေတဲ့ အနေအထားမှာ ရှိနေပါတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး အရာတော်၊ ခင်ဦး၊ ရေဦးနယ်တွေက စစ်ကောင်စီတပ်သားတွေဟာ  နောက်တန်းက ရိက္ခာနဲ့ ထောက်ပို့တွေ မလာတော့တာ၊ PDF တွေက နည်းလမ်းစုံနဲ့ ဖိအားပေးတာတွေကြောင့် စခန်းငယ်တွေအားလုံးနီးပါးဟာ မြို့ပေါ်ပင်မတပ်တွေနဲ့ ပြန်လည်ပူးပေါင်းနေကြတယ်လို့ ဒေသ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အရာတော် PDF တပ်ဖွဲ့ဝင် ကိုဝဏ္ဏ က “နောင်ကြီးအိုင်က ဒီကောင်တွေ ကြောက်ပြီး ထွက်ပြေးကုန်တာ။ အဲဒီနေက ဒီကောင်တွေ လွယ်လွယ်နဲ့လက်လွှတ်သွားတာ စဉ်းစားလို့မရဘူး။ ၅၀၊ ၆၀ လောက် သူတို့က လာခေါ်တာ။ လာပေါင်းပြီး ဘာလုပ်မလဲ မသိဘူးပေါ့ ကြည့်နေတုန်း၊ ဒီကောင်တွေ အရင်က ၃၅ ယောက်လောက်ရှိတာ။ အဲဒါကို ရိက္ခာဖြတ်ထားတာလေ။ ဒီကောင်တွေကို။ လုံးဝ အဆက်အသွယ်မရဘူး။ အဲဒါ ဒီကောင်တွေ ကြာကြာနေတော့ စိတ်ညစ်တာနေမှာပေါ့။ သူတို့ကို ၅၀၊ ၆၀ လောက် စစ်ကြောင်းက ရိက္ခာလာပို့တယ်လို့ ထင်တာ။ ပြန်ထွက်သွားတဲ့အခါကျတော့ ၉၈ ယောက်တဲ့၊ ငါတို့က မသိဘူး။ ဒီကောင်တွေ ကျန်ခဲ့တယ်ထင်တာ။ အံ့တော့ အံဩတယ်၊ ဒီကောင်တွေ ကြောက်တော့ တော်တော်ကြောက်နေပြီ။ မြို့တွေပဲ ရွှေ့ကြတော့တာလေ။ ခင်ဦး ဆိုရင် စခန်းဘယ်နှစ်ခုလဲ။ ကင်းစခန်းလေးတွေ ၁၀ ခုလား ရှိတယ်လေ၊ အဲဒါတွေ အကုန်လုံး တပြိုင်တည်းခေါက်သွားတာ။ ရေဦး သွားပေါင်းတာ၊ ရေဦးက နီးတယ်လေ၊ ခင်ဦးက သွားရတာ နည်းနည်းဝေးတယ်။ သူတို့ အဲဒီနီးတဲ့စခန်းကို ပေါင်းတဲ့သဘော” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီစခန်းငယ်တွေ ပူးပေါင်းတာ၊ မြို့ပေါ်က ပင်မတပ်တွေဆီ ပြန်တာတွေ ရှိလာသလို မကွေးတိုင်း၊ ဂန့်ဂေါနယ်မှာလည်း အလားတူ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က စစ်ကိုင်း-ချင်း-မကွေးနယ်စပ် ဂန့်ဂေါနယ်၊ ကန်ရဲစခန်းက စစ်ကောင်စီ တပ်သားတွေနဲ့ လက်အောက်ခံတွေဟာ ဂန့်ဂေါမြို့ပေါ်က ခလရ ၅၀ နဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ 

အဲဒီမတိုင်ခင်က တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီ တပ်သားတွေဟာ မြောက်ခင်ရန်းရဲစခန်းဆီကို သွားရောက်ပူးပေါင်းခဲ့ကြပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013