
စစ်ကိုင်တိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်းက နောင်ရင်းကျေးရွာနဲ့ မင်းယားကျေးရွာဆီကို စစ်အာဏာရှင်တပ်က ဩဂုတ် ၁၁ ရက် မွန်းလွဲ ၁၂ နာရီမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတယောက် သေဆုံးပြီး တယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို ဖောင်းပြင်မြို့အတွင်း အထိုင်စခန်းမှာရှိတဲ့ စစ်တပ်က ပစ်ခတ်တာဖြစ်တယ် လို့လည်း သိရပါတယ်။
ဖောင်းပြင် ပအဖ တာဝန်ရှိသူတယောက်က “ပစ်တာက ၁၂၀ မမ လက်နက်ကြီးနဲ့ ၄ လုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့တာဗျ။ အဲလိုပစ်ခတ်လို့ နောင်ရင်းကျေးရွာဘက်ကို ၂ လုံးကျသလို မင်းယားကျေးရွာဘက်ကိုလည်း ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်ဗျ။ နောင်ရင်းကျေးရွာဘက်ကတော့ လူနေအိမ်တချို့ ပျက်စီးတာရှိခဲ့တယ်။ မင်းယားကျေးရွာဘက် ကျတာက အရပ်သားတဦး သေဆုံးပြီး တဦး ဒဏ်ရာပြင်းထန် ရခဲ့တယ်။ လူနေအိမ်လည်း ပျက်စီးတယ်။ လက်နက်ကြီးပစ်တာက အတော်များတယ်။ တခြားအလုံးတွေက ရွာတွေပေါ်ကနေ ကျော်ပြီး တောတွေထဲကျလို့ ကံကောင်းခဲ့ရတာ” လို့ ပြောပါတယ်။
ဖောင်းပြင်မြို့နယ် မင်းယားကျေးရွာနဲ့ နောင်ရင်းကျေးရွာဘက်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “၁၂ နာရီအချိန်က လက်နက်ကြီးနဲ့ ပစ်ပြီးတော့ နေ့ခင်း ၁ နာရီခွဲအချိန်နဲ့ ၂ နာရီခွဲအချိန်မှာ Mi35 နဲ့ရော ဂျိုင်ရိုကော်ပတာ လာပြီး ဗုံးကြဲပစ်ခတ်တာတွေ လုပ်သွားသေးတာဗျ။ ပထမ Mi35 လေယာဉ်က Rocket ၊ စက်သေနတ်နဲ့ နောင်ရင်းကျေးရွာဘက်နဲ့ မင်းယားကျေးရွာဘက်တို့ နာရီဝက်ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာ။ နောက် ၂ နာရီခွဲမှာလည်း ဒုတိယအကြိမ် ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ မင်းယားကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်။ အဲလို တိုက်ခိုက်လို့ လူနေအိမ်တွေလည်း ပျက်စီးတေတွေ ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ အခုလို ပစ်ခတ်တာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
မင်းယားရွာနဲ့ နောင်ရင်းရွာကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တဲ့ ယာဉ်တွေဟာ ဟုမ္မလင်း လေတပ်ကနေ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Photo: ဖောင်းပြင်မြို့နယ် ပအဖ










