DVB Logo
Home
Lead Story
စစ်မျက်နှာ နှစ်ခု ဖွင့်ဖို့လို
DVB
·
December 24, 2023
စစ်မျက်နှာ နှစ်ခု ဖွင့်ဖို့လို
Donate to DVB

မင်းအောင်လှိုင်သည် အထင်ကြီးတခွဲသားနှင့် အာဏာသိမ်းယူခဲ့သော်လည်း သုံးနှစ် ပြည့်တော့မည့်တိုင် သမ္မတ ဖြစ်မလာသည့်အပြင် လက်ရှိရာထူးပင် မြဲပါတော့မည်လားဟု နေ့စဉ်နှင့်အမျှ ပူပန်နေရပြီ ဖြစ်သည်။

ထို့အတွက် တုတ်တုတ်ခြင်း ဓားဓားခြင်းဆိုကာ မနိုင် နိုင်ရာ မဲသည့် သဘောဖြင့် နိုင်ငံတဝန်းရှိ ပြည်သူများကို ရန်ရှာလာနေပြီ ဖြစ်သည်။ ထိုသို့ လုပ်မည်ဟုလည်း ခြိမ်းခြောက်ထားပြီးလည်း ဖြစ်သည်။

‌ဤသည်ကလည်း တော်လှန်ရေး၏ အောင်မြင်မှုများကို တတိုင်းပြည်လုံး မီးလောင်တိုက်သွင်း ခံရတော့မည်ဟု လူထုက ထင်မြင်လာ‌စေရန် အစာထိုးဖို့ ဖြစ်သည်။

တဖက်တွင်လည်း ထိုးစစ်ကြီး အနည်းဆုံး ရှေ့မတိုး နောက်မဆုတ် အနေအထား ဖြစ်လာစေရန် မရရသည့်နည်းဖြင့် ကြိုးပမ်းလာမည်သာ ဖြစ်သည်။

စစ်အာဏာသိမ်းအဖွဲ့သည် မြောက်ပိုင်း ညီနောင်များ အဖွဲ့မှ တရားဝင် အတည်ပြုခြင်း မရှိသေးသော်လည်း အပစ်ရပ်ရန် သဘောတူလိုက်ပြီ၊ ခေါင်းဆောင်ကြီး၏ "နှလုံးရည်တိုက်ပွဲ" အနိုင်ရခဲ့လေပြီဆိုကာ ၎င်းတို့၏ လူမှုကွန်ရက်များပေါ်မှ အားရဝမ်းသာ ကြံဖန် ဝါဒဖြန့်နေကြသည့် အဖြစ်က ရှက်တတ်လျှင် လဲသေဖို့‌ပင် ကောင်းလှသည်။ ထိုသို့ ဝမ်းပမ်းတသာ ဝါဒ ဖြန့်နေချိန်တွင် ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့သည် မူဆယ်မြို့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီးရှိ စစ်ကောင်စီ ဗျူဟာကုန်းကို ဆက်လက် တိုက်ခိုက်လျက် ရှိနေသည်။

ခေါင်း‌ဆောင်ကြီး၏ "နှလုံးရည်တိုက်ပွဲ" ဆိုသည်မှာလည်း တရုတ်အား ကြားဝင် ဖြောင်းဖြပေးပါ ကြိုက်တာယူပါအထိ တိုင်းပြည်ကို လက်ညိုးထိုး ရောင်းမစားရုံတမယ် ခြေသလုံးဖက်ခဲ့ရသည့် အထိ အလျော့ပေးခဲ့ရခြင်းမျိုး ဖြစ်သော်လည်း  ၎င်းတို့လိုလားသလိုမျိုးလည်း အတိအကျ ဖြစ်မလာခဲ့၊ တိုင်းသိပြည်သိ မိမိအားနည်းချက်ကို ထုတ်ပြလိုက်ခြင်းသာ အဖတ်တင်ပြီး ကြေကွဲ ကုန်ကြရပြီ ဖြစ်သည်။

တရုတ်ကလည်း ၎င်းတို့ကူညီ ပေးလိုက်ရသည် ဆိုသည်အား အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတိုင်း မဏ္ဍပ်တိုင် တက်လျက်ရှိပြီး ယခုအခါ အရှေ့မြောက်ဒေသတွင် စစ်ရှိန် ‌လျော့ကျသွားပြီဟုပင် ဒေါ် မောနင်းက ဆိုသည်။

MNDAA ၏ အပစ်ရပ်ထားခြင်းသည် နေရာအချို့တွင် စစ်ရှိန်လျှော့ရန် ဖြစ်ပြီး လောက်ကိုင်တွင်မူ တရုတ်က ဝရမ်းထုတ်ထားသော ပယ်ဆောက်ချိန်တို့အား ဖမ်းဆီးနိုင်ရေးအတွက် တရုတ်တို့၏ တောင်းဆိုချက်အရ စစ်ရှိန်လျော့ခြင်းမျှသာ ဖြစ်သည် ဟု ဧရာဝတီက သုံးသပ်ထားသည်။

စစ်တပ်သည် လုံးဝ မပြိုလဲ နိုင်၊ မရရသည့် နည်းဖြင့် အာဏာကို ဆုပ်ကိုင်ထားမည် ဖြစ်သည့် အတွက် လူသတ်အစိုးရ ဖြစ်စေ ဆက်ဆံသွားရမည်သာ ဖြစ်သည်ဟု နိုင်ငံတကာက ခံယူထားချက်များသည် ယခုအခါ အချိန်မ‌ရွေး ပြိုလဲသွားနိုင်သည်ဟု ပြောင်းလဲ ခံယူလာကြပြီ ဖြစ်သည်။

သို့သော် ထိုသို့ သဘောထားပြောင်းလာခြင်းသည် အစိုးရများ၏ ပေါ်လစီတရပ်အဖြစ် ရောက်ရှိလာခြင်း မရှိသေးဟု အီဂေါ ဘလာစီဗစ်က ‌ဧရာဝတီတွင် ထောက်ပြ ရေးသားထားသည်။

ထို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဂျကာတာ၊ အော်စလို၊ ဗီယင်ကျန်းတို့မှ ခေါင်းစဉ် အမျိုးမျိုးတပ်ဖိတ်ကြားခံရမည်ကို စောင့်မနေပဲ ၀၁၂၄ စစ်ဆင်ရေးဆိုကာ သံတမန် ထိုးစစ် အမြန်ဆုံး စတင်ရတော့မည် ဖြစ်သည်။

တဖက်တွင်လည်း အာဏာသိမ်းအဖွဲ့သည် အချိန်မရွေး ပြိုလဲသွားနိုင်သဖြင့် ထိုသို့ ဖြစ်လာခဲ့လျှင် အသွင်ကူးပြောင်းရေးအတွက် တနှစ်စာအတွက်မည်သို့မည်ပုံ စီစဉ်ထားသည်ဆိုသော လမ်းပြမြေပုံ ကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ဆွေးနွေးပြီး ရေးဆွဲထားဖို့ လိုသည်။

ထို့ပြင် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်သည့် နိုင်ငံခြားရေးအဖွဲ့ကို   ဖွဲ့စည်းပြီး ဝါရှင်တန်၊ ဘရပ်ဆဲလ်၊ လန်ဒန်၊ နယူးဒေလီ၊ တိုကျို၊ ကင်ဘာရာ၊ ဂျကာတာ၊ ဘန်ကောက်၊ ကွာလာလမ်ပူ အစရှိသဖြင့် ခရီးထွက်ဖို့ လိုအပ်သည်၊ ထိုအဖွဲ့ကြီးသည် နိုင်ငံတကာမှ အရေးတယူ ဆွေးနွေးလာပြီ ဆိုပါက ဘီဂျင်းသည် လက်ပိုက်ကြည့်နေတောမည် မဟုတ်ဘဲ အလုအယက် ဖိတ်ခေါ်လာတော့မည်သာ ဖြစ်သည်ဟု အကြံပေးထားသည်။

တီမော သမ္မတက မြန်မာ စစ်တပ်အတွင်း ဘက်ပြောင်းကြရန် တိုက်တွန်းထားသည့် ဗီဒီယိုကလစ် ထွက်ပေါ်လာသည်ကို အနာပေါ်ထုတ်ကျသလို ဖြစ်ကာ စစ်ကောင်စီ နောက်မြီးဆွဲများနှင့် ၎င်းတို့ပိုင် မီဒီယာများက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆို ရေးသားလာကြသည်။

အင်ဒိုနီးရှားမှ လွတ်လပ်ရေး ရရှိရန် ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေးသမား အရင့်အမာကြီးဖြစ်ရုံမက  လက်ရှိတွင် ဒီမိုကရေစီနည်းလမ်းဖြင့် တိုင်းပြည်အကြီးအကဲရာထူး ရယူထားသူကို အဆင့်မရှိ ပေါက်ပန်းဈေး စကားများဖြင့် ‌ရှုတ်ချခဲ့ကြသည်။

ဤသည်ကို ကြည့်က ထိုသို့ ဖြစ်လာမည့် အရေးကို မည်မျှအထိ တုန်လှုပ်နေသည် ဆိုသည်မှာ သိသာထင်ရှားနေပေသည်။

စစ်ကောင်စီ ပြိုလဲဖို့သည် နေ့ချင်းညချင်း ဖြစ်လာနိုင်ဖွယ်ရှိနေ၍ စောလွန်းသေးသည်ဟု ယူ‌ဆနေသော အာဆီယံအဖို့ အငိုက်မိသွားလိမ့်မည်ဟု ဟောင်ကောင်ထုတ် South China Morning Post သတင်းစာကြီးကနေ သတိပေး ရေးသားလာပြန်သည်။

၎င်းတို့ စောင့်ကြည့်နေသည်မှာ တော်လှန်ရေး မဟာမိတ်အချင်းချင်း ယခုထက်ပို၍ ကျောချင်းကပ်၊ ရင်ချင်းကပ် ဖြစ်ဖို့နှင့် စစ်ဆင်ရေးအားလုံးကို တစုတစည်းတည်း ကြီးကြပ်ကွပ်ကဲနိုင်မှုပင် ဖြစ်သည်ဟု ဆိုသည်။

လောက်ကိုင်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများ သိမ်းယူနိုင်ပြီး တရုတ်နှင့် အိန္ဒိယ၏ ထောက်ခံမှုများ ရုပ်သိမ်းသွားသည်အထိ စောင့်ကြည့်နေကြမည့် အဖွဲ့သာ ဖြစ်သည်ဟု စင်္ကာပူ အခြေစိုက် Iseas-Yusof အင်စတီကျုက ပြောဆိုလာခဲ့သည်။

အာဆီယံသည် မြန်မာနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ ယုံကြည်မှု ပျက်ပြား ခံလိုက်ရပြီ ဖြစ်၍ နိုင်ငံ၏ အနာဂတ် အရေးအပေါ် ပါဝင်‌  ဆွေးနွေးဖို့ မလျော်ကန်တော့ဟု ဩစတြေးလျရှိ ကာတင်း တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဒေါ်‌ထွေးထွေးသိန်းကပြောသည်ဟုလည်း ဆောင်းပါးတွင် ပါရှိသည်။

ထိပ်တန်း ဗိုလ်ချုပ်များကို ဖယ်ရှားပြီး ပြုပြင်ပြောင်းလဲနိုင်မည်ဆိုလျှင် စစ်တပ် ပြိုလဲသွားမည့် အရေးမှ ကာကွယ်နိုင်ပြီး၊‌ ဆွေးနွေးအ‌ဖြေရှာရမည် ဆိုလျှင် အားလုံး၏ ယုံကြည်မှု ကင်းမဲ့ခြင်း ခံနေရသော မင်းအောင်လှိုင်နှင့် စိုးဝင်းကို အရင် ဖယ်ရှားနိုင်မှ ဖြစ်လာစရာ အကြောင်းရှိသည်ဟု ပြောကြောင်း ဖေါ်ပြထားသည်။

မင်းအောင်လှိုင်၏ ကျဆုံးခန်းသည် တဖြေးဖြေး နီးကပ်လာနေပြီ ဖြစ်သည်၊ စစ်တပ်မှလည်း ၎င်းတို့ ရင်ဆိုင်နေရသော အကျပ်အတည်းမှ ဘယ်ပုံ ဘယ်နည်း ရုန်းထွက်ပေးနိုင်မည်ကို စိတ်ရှည်ရှည် စောင့်ကြည့်နေကြဟန် ရှိသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013