
ဘရာဇီးလ်နိုင်ငံရှိ မူးယစ်ဂိုဏ်းကြီးနှစ်ခုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်တွင်းရေးကို အလွန်အကျွံ စွက်ဖက်တာလို့ ဘရာဇီးသမ္မတ လူဝစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗာ က မေ ၂၉ ရက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်ဟာ အကျိုးမရှိတဲ့အပြင် နိုင်ငံတော်အချုပ်အခြာအာဏာကို ခြိမ်းခြောက်ရာ ရောက်တယ်လို့ ဘရာဇီးအစိုးရက ပြောပါတယ်။
ဒီကိစ္စဟာ ဘရာဇီးလက်ယာစွန်း သမ္မတဟောင်း ဂျိုင်ရ် ဘော်ဆိုနာရိုရဲ့ သားတွေက ဝါရှင်တန်မှာ သွားရောက် စည်းရုံးခဲ့တာကနေ အစပြုခဲ့တာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ဘရာဇီးရဲ့ အင်အားအကြီးဆုံး ရာဇဝတ်ဂိုဏ်း ၂ ခုဖြစ်တဲ့ ကွန်မန်ဒို ဗာမယ်ဟို (CV) ဂိုဏ်းနဲ့ ပရီမဲရိုး ကွန်မန်ဒို ဒါ ကာပီတယ် (PCC) ဂိုဏ်း တို့ကို လာမယ့် ဇွန် ၅ ရက်ကစပြီး နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း (FTO) အဖြစ် တရားဝင် စာရင်းသွင်းဖို့ ကြေညာခဲ့တာပါ။
ဘရာဇီးသမ္မတဟောင်းရဲ့သား အက်ဒွါဒို ဘော်လ်ဆိုနာရိုက ပြည်သူတွေ ပေါင်မုန့်ဆိုင်သွားရင်း သေနတ်မှန်မယ့်အရေးက ကာကွယ်ဖို့ ဒီဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်းချင်တာလို့ ဆိုပါတယ်။
သမ္မတ လူလာ ကတော့ “ကျနော်တို့ကို ကလေးလို ဆက်ဆံတာမျိုး ဒါမှမဟုတ် သမ္မတနိုင်ငံ ငယ်လေးလို ဆက်ဆံတာမျိုးကို လက်ခံမှာမဟုတ်ဘူး" လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတလူလာက အဲဒီဂိုဏ်းတွေဟာ ဘရာဇီးပြည်သူတွေကို ဒုက္ခပေးနေတဲ့ "အကြမ်းဖက် သမားတွေ" ဖြစ်ကြောင်း ပထမဆုံးအကြိမ် အတိအလင်း ဝန်ခံပြောဆိုခဲ့ပြီး၊ အမေရိကန်ရဲ့ စွက်ဖက်မှုကို လက်မခံဘဲ ပြည်တွင်းမှာပဲ အပြတ်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီဂိုဏ်း ၂ ခုဟာ စိုက်ပျိုးရေး၊ စွမ်းအင်၊ သတ္တုတွင်းနဲ့ ဆက်သွယ်ရေး စတဲ့ ကဏ္ဍတွေ အထိ နယ်ပယ် ချဲ့ထွင်ထားတာကြောင့်၊ အမေရိကန်ရဲ့ အကြမ်းဖက်သတ်မှတ်ချက်ကြောင့် ဘရာဇီးမှာ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း ဥပဒေပညာရှင်တွေက သတိပေးထားပါတယ်။
Source: Reuters











