
ဂျာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (CJNG) ရဲ့ ဒေသဆိုင်ရာခေါင်းဆောင်လို့ စွပ်စွဲခံထားရသူ အယ်လ်တန့်ခ်ကို ဂျာလစ္စကိုပြည်နယ်၊ ဇာပိုပန်မြို့မှာ မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီး ခဲ့တယ်လို့ လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖတ်ချ်က အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ “သူ့ကို လူသတ်မှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ တရားမဝင် လွတ်လပ်ခွင့် ပိတ်ပင်ထိန်းသိမ်းမှု၊ လောင်စာဆီခိုးယူမှု၊ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု တွေနဲ့ ဆက်စပ်နေတာ တွေ့ရှိရပါတယ်" လို့ ဝန်ကြီးက X လူမှုကွန်ရက်မှာ ရေးသားဖော်ပြ ခဲ့ပါတယ်။
သူဟာ မက္ကဆီကိုနိုင်ငံထဲက ဗေရာခရုဇ်၊ အောက်ကာဆာ၊ တာဘတ်စ်ကိုနဲ့ ပွယ်ဘလာ ပြည်နယ်တွေမှာ လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်တယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ပစ္စည်းများ ထိန်းချုပ်ရေးရုံး (OFAC) က အယ်လ်တန့်ခ်ကို အိုင်ဗန် ကာဇာရင် မိုလီနာအဖြစ် နာမည် ဖော်ထုတ်သတ်မှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။
အဲဒီအချိန်က အစီရင်ခံစာမှာ OFAC က အယ်လ်တန့်ခ်ဟာ CJNG ရဲ့ အရင်ခေါင်းဆောင် နီမီစီယို အိုဆီဂွါရာရဲ့ ယုံကြည်စိတ်ချရတဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက တစိတ်တပိုင်းအဖြစ် ခေါင်းဆောင်ကို တိုက်ရိုက်တင်ပြခဲ့တယ်လို့ ပြောထားပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်က အမေရိကန်ရဲ့ အထောက်အပံ့နဲ့ လုပ်ခဲ့တဲ့ စီးနင်းတိုက်ခိုက်မှု တခုအတွင်း မက္ကဆီကို အထူးတပ်ဖွဲ့ဝင်တွေက အယ်လ် မန်ချိုလို့ လူသိများတဲ့ အိုဆီဂွေရာကို သတ်ဖြတ်ခဲ့ ပါတယ်။
အယ်လ်တန့်ခ်ရဲ့ လောင်စာဆီခိုးယူမှုဟာ သူကိုယ်တိုင်နဲ့ သူ့အဖွဲ့အတွက် တနှစ်ကို ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရစေတယ်လို့ OFAC က ပြောခဲ့ပါတယ်။
Source:Reuters











