
အမေရိကန် စစ်တပ်ဟာ အိုင်အက်စ်နဲ့ အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းခဲ့တဲ့ နည်းဗျူဟာတွေအတိုင်း မူးယစ်ဂိုဏ်းတွေကို ပစ်မှတ်ထား ချေမှုန်းသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က ဩဂုတ် ၁၂ ရက်မှာ အတည်ပြု ပြောပါတယ်။
ပနားမားနိုင်ငံ ဖော့ထ်ရှာမန်မြို့ရှိ တောတွင်းစစ်ဆင်ရေး လေ့ကျင့်ရေးသင်တန်းမှာ ပြောကြားခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးကုန်ကူးသူ ဒါမှမဟုတ် အမေရိကန်ပြည်သူတွေနဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်သူ ဘယ်အဖွဲ့မဆို အကြမ်းဖက်သမားတွေလို စစ်ရေးပစ်မှတ် ဖြစ်လာမယ်လို့ သတိပေးခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က“ကျနော်တို့ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး ကမ္ဘာ့တခြားခြမ်းက အကြမ်းဖက်ကွန်ရက်တွေကို ရှာဖွေစုံစမ်းပြီး သုတ်သင်ရှင်းလင်းခဲ့တဲ့ စစ်ရေးနည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို ဒီမူးယစ်ဂိုဏ်းတွေပေါ်မှာ တိုက်ရိုက်ကျင့်သုံးတော့မှာပါ။ အရင်က မူးယစ်ဆေးဝါးသယ်တဲ့ လှေတွေကို ရေပြင်မှာ တိုက်ခိုက်ခဲ့သလိုမျိုး အခုကုန်းပြင်ပေါ်မှာရှိတဲ့ မူးယစ်ဂိုဏ်း (DTOs) တွေကိုပါ အလားတူ ချေမှုန်းသွားပါမယ်” လို့ ပြောပါတယ်။
ဒီတိုက်ပွဲဟာ တောင်အမေရိက ကိုကင်းကုန်ကူးမှုကနေ မက္ကဆီကိုနိုင်ငံရဲ့ ဖန်တာနေးလ် ကုန်ကူးတဲ့အထိ ကျယ်ပြန့်ပြီး အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (SOUTHCOM) နဲ့ မြောက်ပိုင်းစစ်ဌာနချုပ် (NORTHCOM)တို့ ပူးပေါင်းကာ သက်ညှာမှုမရှိ အပြတ်ရှင်းပစ်ဖို့ လုပ်ပိုင်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
မြေပြင်ပေါ်ရှိ မူးယစ်ဂိုဏ်းတွေကို အမြစ်ဖြတ်ဖို့ အမေရိကန်ဟာ အက်ကွေဒေါ၊ ကိုလံဘီယာတို့နဲ့ တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။
Source: Reuters











