DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီခန့်ဝန်ကြီးချုပ် တက်ရောက်သည့် လမ်းလျှောက်ပွဲ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
December 24, 2023
မုံရွာတွင် စစ်ကောင်စီခန့်ဝန်ကြီးချုပ် တက်ရောက်သည့် လမ်းလျှောက်ပွဲ မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် အပါအဝင် ဌာနဆိုင်ရာ Non CDM အရာရှိ၊ ဝန်ထမ်းတွေနဲ့ လုံခြုံရေးယူထားတဲ့ စစ်သား၊ ရဲအင်အား အယောက် ၁၀၀ လောက် ပါဝင်တဲ့ လမ်းလျှောက်ပွဲ ကျင်းပနေချိန် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနက် ၇ နာရီလောက်က  မုံရွာမြို့၊ ကန်သာယာ ကန်ပတ်လမ်းတလျှောက်မှာ ဒီဇင်ဘာလမ်းလျှောက်ပွဲ  ပြုလုပ်နေချိန် မိုင်းခွဲတိုက်ခိုက်ခံရလို့  ဝန်ကြီးချုပ်ဆိုသူ ဦး​မြတ်ကျော်ရဲ့ ဇနီးဖြစ်သူဟာ ပေါက်ကွဲသံကြောင့် နှလုံးအမောဖောက်သွားခဲ့တယ်လို့  Golden Eagle Force-Monywa အဖွဲ့က ပြောပါတယ်။

အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က “ခွဲတာကတော့ ဝန်ကြီး မှန်အောင်ခွဲတာပဲ။ သူ့ဘေးက jammer တွေ ကိုင်ပြီး လုံခြုံရေးပေးထားလို့ မိုင်းက မကွဲသွားဘဲ jammerတွေ ကျော်သွားမှ ကွဲသွားတာ။ ဝန်ကြီး ကတော်ကတော့ မုံရွာဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသနေရတယ်။ Non CDM ဝန်ထမ်းတချို့လည်း ထိခိုက်မိတယ်လို့ ကြားထားတယ်” လို့ ပြောပါတယ်။

မိုင်းကွဲပြီးနောက်မှာတော့ လမ်းလျှောက်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ကန်သာယာတလျှောက် လမ်းတွေပိတ်ထားကာ သွားလာနေတဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့  မုံရွာမြို့ခံတွေဆီကနေ သိရပါတယ်။

မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက “မနက်ခင်းအစောကြီး ဘုရားပန်းကပ်နေတဲ့အချိန် အုံးခနဲ အသံကြီး ကြားလိုက်တာ။ အိမ်နဲ့လည်းနီးတော့ အိမ်ပါနည်းနည်း တုန်သွားသေးတယ်။ တအောင့်လောက်နေတော့ သေနတ်သံတွေ ဆက်တိုက် ကြားရတာ။ တိုက်ပွဲများစတာလား ထင်နေတာ။ ပြီးမှ ကန်သာယာနား အဲဒီလိုဖြစ်သွားတာ သိတာ” လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ စစ်ဆင်ရေးတွေ အရင်ကထက် ပိုတိုးမြှင့်လုပ်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးတဲ့နေရာတွေမှာသာ သွားလာဖို့ Goldern Eagle Force – Monywa အဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013