DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့ကို စစ်ကောင်စီက ညစဉ် ပစ်ခတ်နေ၊ ထီးချိုင့်တွင် အရပ်သား ၂၀ ခန့် သေဆုံး
DVB
·
December 23, 2023
ကောလင်းမြို့ကို စစ်ကောင်စီက ညစဉ် ပစ်ခတ်နေ၊ ထီးချိုင့်တွင် အရပ်သား ၂၀ ခန့် သေဆုံး
Donate to DVB

ကောလင်းမြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ညတိုင်း ပစ်ခတ်နေတာကြောင့် ပြည်သူတချို့ ထိခိုက်ခဲ့ရပြီး ထီးချိုင့်မြို့မှာတော့ ၁ လကျော်ကာလအတွင်း အရပ်သား ၂၀ ဝန်းကျင် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံ PDF ခေါင်းဆောင်က ပြောပါတယ်။ 

နိုဝင်ဘာ ၆ ရက်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ PDF နဲ့ မဟာမိတ်တပ်တွေက သိမ်းယူခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို အကောင်အထည် ဖော်နေတာပါ။

စစ်ကောင်စီက ကောလင်းမြို့ကို တန်ပြန်စစ်ကြောင်းထိုးတာမျိုး မရှိသေးပေမဲ့ ဝန်းသိုမြို့ဘက်ကနေ ညစဉ် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူတချို့ ထိခိုက်ခဲ့ပါတယ်။ 

ကောလင်းနဲ့ ဆက်စပ်တည်ရှိတဲ့ ဝန်းသိုမြို့ကိုလည်း သိမ်းယူဖို့ PDF တွေက ကြိုးစားနေတာကြောင့် ဝန်းသိုမြို့နဲ့အနီးတဝိုက်မှာ စစ်ကောင်စီက ကတုတ်ကျင်းတွေ တူးပြီး အင်အားတိုးချနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ကောလင်း PDF ရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ စွန်ရဲလေးက “အုပ်ချုပ်ရေးယန္တရားတွေ အကုန်လုံးကတော့ မြို့ထဲမှာတော့ ချထားပြီးသားဖြစ်တယ်။ ခွေးဘက်ကတော့ ထိုးလာတာတော့မရှိဘူး။ ဒါပေမဲ့ သူတို့က မိုးကောင်းတောင်နဲ့ အရှေ့တောတိုက်တွေဘက်မှာ ကတုတ်ကျင်းတွေ တူးတယ်လို့ ကြားတယ်။ ဝန်းသိုအတွက် ကာကင်းလုပ်တယ်လို့လည်း ကြားတာပေါ့လေ။ မနေ့ကနဲ့ ဟိုဘက်နေ့တွေကတော့ ဟောင်ဝပ်ဇာနဲ့ လှမ်းလှမ်းပစ်နေလို့ ပြည်သူတွေ ထိတာတို့၊ ဘုန်းကြီးကျောင်းထဲကျလို့ ဦးဇင်းလေးတွေ ထိတာတို့ အဲဒါတွေလည်း ရှိနေတယ်။ တရက်ကို ၄ ကြိမ် ၅ ကြိမ်လောက်တော့ ပစ်တယ်။ မြို့သူမြို့သားတွေ ၃ ပုံ ၂ ပုံလောက် မြို့ထဲမှာ အကုန်လုံး အေးအေးချမ်းချမ်းရှိနေပါပြီ။ ဈေးသည်တွေတော့ တော်တော်လေးဖွင့်နေကြပြီ။ ဒါပေမဲ့ သူတို့ ညနေပိုင်းဆိုရင်တော့ နည်းနည်း တိမ်းရှောင်မှုလေးတွေတော့လုပ်တာပေါ့။ ဟောင်ဝပ်ဇာက ညတပိုင်း ပစ်တာများတယ်။ နေ့လယ်တော့ မပစ်ဘူး။ ညနေ ၃၊ ၄ နာရီလောက်ဆို တော်တော်လေး လူရှင်းတယ်။ ဟိုတုန်းကလို မြို့ထဲမှာ စည်ကားမှုအနေအထားတော့ မရှိဘူး။ အဲဒီကျရင်လည်း ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ့်ရပ်ကွက်ကင်းနဲ့ မြို့နယ်အဖွဲ့အစည်းတွေရဲ့ ဂိတ်နဲ့ ကင်းတွေကတော့ အကုန်လုံး စနစ်တကျလုပ်ထားပြီးသား ဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့မှာတော့ နိုဝင်ဘာ ၈ ရက်ကနေ လက်ရှိအချိန်အထိ ၄၅ ရက်ကြာ တိုက်ပွဲဖြစ်နေတာပါ။ ထီးချိုင့်မြို့ဟာ ကုန်းလမ်း၊ ရေလမ်း စတဲ့ ထောက်ပို့လမ်းကြောင်း နှစ်ခုစလုံးအတွက် အရေးပါနေတာ၊ မန္တလေးတိုင်းနဲ့ ထိစပ်နေတာ စတဲ့အချက်တွေကြောင့် စစ်ကောင်စီက လက်လွတ်မခံနိုင်တာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

နိုဝင်ဘာ ၈ ရက်ကနေ လက်ရှိအချိန်အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် သေဆုံးတဲ့ ပြည်သူဦးရေ  ၂၀ ဝန်းကျင်ရှိလာပါတယ်။

ထီးချိုင့် PDF တာဝန်ရှိသူတယောက်က “စစ်ဘေးရှောင်နေကြတယ်ဆိုတော့ ဝင်ငွေတော့ရှိနေကြမှာ မဟုတ်ဘူးလေ။ ပျက်စီးမှုကတော့ ခုချိန်မှာလည်း လေယာဉ်နဲ့ ပစ်ခတ်မီးရှို့နေတာ ဆိုတော့ တော်တော်များများလည်း ၃ ပုံ ၂ ပုံလောက်ကတော့ ပျက်စီးနေပါပြီ။ လမ်းကြောင်းအရလည်း ထောက်ပို့လမ်းကြောင်း ဖြစ်သွားနိုင်တာမျိုးပေါ့လေ။ ပြီးတော့ ရေကြောင်းကုန်းကြောင်းအရ ထီးချိုင့်ပါသွားပြီဆိုရင် ပိုင်စိုးသွားသလိုဖြစ်တော့ အဲဒါလည်းပါတာပေါ့ဗျာ။ ဒီတလအတွင်း ၈ ရက်နေ့ကစတာ ခုချိန်အထိဆို လူ ၂၀ နီးပါးလောက်ရှိသွားပြီ သေဆုံးမှုက။ အရပ်သားတွေချည်းပါပဲ။ မြို့ထဲမှာတော့ ဘယ်လောက် သေတယ်၊ မသေဘူးဆိုတာကတော့ ကျနော်တို့လည်း အတိအကျမသိနိုင်သေးဘူးဗျ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်စပ် စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်တွေဟာ စစ်ရေးအရ ဗျူဟာကျတဲ့အတွက် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အပြိုင်နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်၊ ချင်းပြည်နယ်စပ်မြို့တွေဟာ ပထဝီအနေအထားအရ တောင်ကြောတွေတည်ရှိပြီး သွားလာရခက်ခဲတာကြောင့် စစ်ကောင်စီက သူတို့ အခြေစိုက်စခန်းတွေနဲ့ မြို့တွေကို လက်လွှတ်ရရင် ပြန်သိမ်းဖို့ မလွယ်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013