DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင် စပါးခင်းကို စစ်သားများ မီးရှို့၊ သံတွဲဒေသခံ ၁ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
December 23, 2023
ရသေ့တောင်တွင် စပါးခင်းကို စစ်သားများ မီးရှို့၊ သံတွဲဒေသခံ ၁ ဦးကို စစ်တပ်က ဖမ်းဆီး
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ပြည်သူတွေရဲ့ စပါးစိုက်ခင်း ၂ ဧကကျော်ကို စစ်တပ်က မီးရှို့ခဲ့ပြီး သံတွဲမြို့မှာလည်း ဒေသခံတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီ နယ်ခြားစောင့်တပ် နခခ ၆ လက်အောက်ခံ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းက တပ်သား ၁၀ ယောက်ကျော်ဟာ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ရွာသားတွေရဲ့ စပါးစိုက်ခင်းတွေကို မီးရှို့ ဖျက်ဆီးခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ကိုးတန်ကောက်ကျေးရွာက ဦးရဲကိုနိုင်နဲ့ ဦးကျော်လှထွန်းတို့ ပိုင်ဆိုင်တဲ့ စပါးခင်း ၂ ဧကကျော် မီးလောင် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကိုးတန်ကောက် နယ်ခြားစောင့်စခန်းက စစ်ကောင်စီ တပ်သားတွေကို မွန်းလွဲ ၁ နာရီလောက်မှာ ရက္ခိုင့်တပ်တော် အေအေက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ ၂ ယောက် သေဆုံးသွားတယ်လို့ သတင်းကြားတယ်ဗျ။ အဲဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကိုးတန်ကောက်ကျေးရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေတဲ့ အချိန်မှာ မီးရှို့ဖျက်ဆီးသွားကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပြည်နယ်က ပြည်သူတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့စဉ် ပစ်ခတ်ခြိမ်းခြောက်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အချိန်မှာ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်တွေကို ခိုးယူတာတွေ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ၊ နေအိမ်တွေနဲ့ ဈေးတွေကို မီးရှို့ဖျက်ဆီးတာတွေ မကြာခဏ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာတော့ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက ကင်းမော်ကျေးရွာ ဒေသခံတယောက်ကို ငပလီအခြေစိုက် ခလရ ၅၅ က စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်က လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းမော်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးနာနီ ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ထောက် ကားပေါ်ကို တင်ခေါ်သွားကြတာဖြစ်ပြီး ဘာကြောင့် ဖမ်းတယ် ဆိုတာတော့ မသိရသေးဘဲ သူ့ကို ငပလီ အခြေစိုက် ခလရ ၅၅ တပ်ရင်းထဲကို ခေါ်သွားတယ်လို့ သတင်းကြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်၊ ငပလီမြို့မှာလည်း ဒီဇင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ ဒေသခံပြည်သူ ၂ ယောက်ကို ULA/AA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၂၀၀ ကျော် လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013