DVB Logo
Home
မြန်မာသတင်း
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်း
DVB
·
December 23, 2023
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်း
Donate to DVB

ပြည်တွင်း ပြည်ပမှာရှိကြတဲ့ မြန်မာသတင်းသမားတွေ စုပေါင်းပြီး လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ (IPCM)ကို ဖွဲ့စည်းလိုက်ပါတယ်။

မီဒီယာကောင်စီ ဖွဲ့စည်းနိုင်ဖို့ ဒုတိယညီလာခံကို ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိ ထိုင်းနိုင်ငံတွင်း တနေရာမှာ ပြုလုပ်ခဲ့ပြီး ပြည်တွင်း ပြည်ပက မြန်မာသတင်းမီဒီယာ ၃၇ ဖွဲ့နဲ့ တသီးပုဂ္ဂလ သတင်းမီဒီယာသမားတွေ အပါအဝင် စုစုပေါင်း ၇၇ ယောက် တက်ရောက် ကျင်းပခဲ့ပါတယ်။

ညီလာခံမှာ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူး အပါအဝင် စုစုပေါင်း ကောင်စီဝင် အမှုဆောင် ၁၀ ယောက်ကို ရွေးကောက် တင်မြှောက်ခဲ့ကြပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆိုးဆိုးဝါးဝါး ကျဆင်းလာတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ စစ်ကောင်စီက သတင်းသမားတွေကို အကြမ်းဖက် ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်တာတွေကြောင့် သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ပေးမှု အားနည်းလာတာပါ။

လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ နန်းဖောဂေက “လက်ရှိမှာက မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေက လွတ်လပ်စွာ လုပ်ဆောင်ခွင့်မရှိဘူး။ တဖက်မှာလည်း လုပ်ငန်းရပ်နားသွားရတဲ့ သတင်းမီဒီယာသမားတွေ အများကြီးရှိတယ်။ ဆိုတော့ လူအင်အားနည်းနည်းနဲ့ သတင်းများများကို ကျမတို့ ထုတ်ပြန်ရတယ်။ ပိုပြီး အခက်အခဲရှိတာက သတင်းတွေကို စိစစ်ရတယ်။ လုံခြုံရေးဆိုလည်း သတင်းသမားရဲ့ လုံခြုံရေးတင်မကဘဲ သတင်းထောက် တဦးချင်းစီက သတင်းရင်းမြစ်တွေရဲ့ လုံခြုံရေးကိုပါ ထိန်းသိမ်းပြီးတော့ သတင်းတွေကို ဖော်ပြ ထုတ်လွှင့်နေရတယ်။ ဒါတွေက လက်ရှိအခြေအနေ ဖြစ်တယ်။ တဖက်မှာလည်း သတင်းတိုက်တွေအနေနဲ့ ရှေ့ဆက်ရပ်တည်နိုင်ရေးက အရေးကြီးတယ်။ သတင်းဌာန ရပ်တည်နိုင်ရေးကလည်း ဝိုင်းဝန်းကူညီကြဖို့ လိုအပ်ချက်တွေ အများကြီး ရှိတယ်” လို့ ပြောပါတယ်။

ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ ဖွဲ့စည်းလိုက်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတိုက်တွေ၊ တိုင်းရင်းသား မီဒီယာတွေ၊ ဒေသအခြေပြု သတင်းမီဒီယာတွေ ကိုယ်စားပြု ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီကိုလည်း တရားမဝင်ကြောင်းနဲ့ မြန်မာသတင်းမီဒီယာတွေကို ကိုယ်စားမပြုကြောင်း ညီလာခံ တက်ရောက်လာသူတွေက သဘောတူညီခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့် ၁၇၃ ရှိနေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ဖော်ပြထားပါတယ်။

ICPM အတွင်းရေးမှူး ဦးတိုးဇော်လတ်က “မြန်မာပြည်ဟာ တရုတ်ပြီးရင် သတင်းထောက် အများဆုံး အဖမ်းခံရတဲ့ နိုင်ငံ ဖြစ်နေတာပေါ့။ အဲဒီတော့ ကျနော်ထင်တယ်၊ ဒါတွေက စိုးရိမ်စရာ အခြေအနေပဲ။ အရေးကြီးဆုံးက သတင်းသမားတွေရဲ့ လုံခြုံရေးပဲ။ Journalism is not a crime. သတင်းထောက် အလုပ်ဆိုတာ ရာဇဝတ်ပြစ်မှု မဟုတ်ပါဘူး။ ကိုယ့်အလုပ် လုပ်တာပါပဲ။ ကိုယ့်အလုပ်ကို လုံခြုံစွာလုပ်နိုင်ရေးက အရေးကြီးဆုံးစိန်ခေါ်မှုလို့ပဲ ပြောပါရစေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်းမီဒီယာကောင်စီ (IPCM) ရဲ့ အဓိက ရည်ရွယ်ချက်အနေနဲ့ မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်တွေ ရေးဆွဲပြဋ္ဌာန်းပြီး လိုက်နာကျင့်သုံးရေး၊ သတင်းမီဒီယာကောင်စီရဲ့ တရားဝင်ရပ်တည်ရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းမီဒီယာကောင်စီတွေနဲ့ တရားဝင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ မီဒီယာသမားတွေကိုလည်း ခြွင်းချက်မရှိလွှတ်ပေးဖို့ ညီလာခံတက်ရောက်သူတွေက တညီတညွတ်တည်း တောင်းဆိုလိုက်ပါတယ်။

DVB က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းမီဒီယာနဲ့ ဆက်စပ်လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ထုတ်ဝေသူ၊ ရိုက်ကူးရေးသမား၊ သတင်းထောက်တွေအပြင် သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ အနည်းဆုံး ၁၇၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဝရမ်းထုတ် တရားစွဲခံထားရတဲ့ သတင်းထောက် ၅၀ ထက်မနည်းရှိပြီး ထုတ်ဝေခွင့် ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၄ ခု ရှိနေပါတယ်။

စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့ သတင်းထောက် ၄ ဦးရှိပြီး၊ လက်ရှိ ထောင်တွေထဲမှာ အမှုရင်ဆိုင်နေဆဲနဲ့ မတရား ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းသမား ၅၀ ကျော်ဟာ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်း