DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးခံရ
DVB
·
December 23, 2023
မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ကွာ‌လာလမ်ပူမြို့နယ်၊ ကိုတာရာမှာရှိတဲ့ ဈေးဆိုင်တန်းတွေကို ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းက မလေးရှားအထူးတပ်ဖွဲ့ ၁,၀၀၀ ကျော်က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၅၀ ကျော် အပါအဝင် တရားမဝင်နိုင်ငံခြားသား ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ နှလုံးလှ ပရဟိတ သွေးအလှူရှင်များအဖွဲ့ထံက သိရပါတယ်။

ကိုတာရာမှာရှိတဲ့ နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေတဲ့ ဈေးဆိုင်တန်းတွေကို ဒီဇင်ဘာ ၂၁ ရက် မနက် ၁၀ နာရီလောက်မှာ မလေးရှားအာဏာပိုင်တွေ၊ ယာဉ်ထိန်းရဲတွေ၊ ရဲတွေနဲ့ အထူးတပ်ဖွဲ့တွေ စုစုပေါင်း အင်အား ၁,၀၀၀ ကျော်နဲ့ ‌ဝိုင်းပိတ်ပြီး ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။

နှလုံးလှပရဟိတအသင်း တာဝန်ရှိသူတဦးက “ရဲတွေ၊ မော်တော်ပီကေတွေ အဖွဲ့စုံနဲ့ အားလုံးကို ပိုက်စိတ်တိုက်ဝိုင်းပြီး ဘင်္ဂလားဒေ့ရှ်ဆိုင်တွေ၊ နီပေါဆိုင်တွေ၊ မြန်မာဆိုင်တွေကို အော်ပရာစီ ဝင်သွားတာ။ အကုန်လုံးကို ဝင်ဖမ်းပြီး ကုန်တိုက်ရှေ့မှာ ထိုင်ပြီး စစ်ကြတယ်။ အထောက်အထား ရှိတဲ့သူတွေကို တခါတည်း ပြန်လွှတ်တယ်။ မရှိတဲ့သူတွေကျတော့ ဖမ်းလိုက်တယ်” လို့ ပြောပါတယ်။

ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကတော့ ကိုတာရာဈေးတန်းကို ဝင်ရောက်ဖမ်းဆီးရာမှာ တရားမဝင် နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီးရမိခဲ့သလို မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ထုတ် ဆေးဝါးအမြောက်အမြားလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားအထူးတပ်ဖွဲ့က ကိုတာရာမှာရှိတဲ့ နှလုံးလှပရဟိတ သွေးအလှူရှင်များအဖွဲ့ ရုံးခန်းကိုလည်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ရုံးမှာနေထိုင်နေတဲ့ လူငယ် ၁၁ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ နှလုံးလှပရဟိတ သွေးအလှူရှင်များအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ နှလုံးပရဟိတရုံးလည်း အစီးခံရပြီး ကျနော်တို့ခေါ်ထားတဲ့ အလုပ်မရှိတဲ့ ကလေးတွေနဲ့ နေစရာမရှိတဲ့‌ ကလေး ၁၁ ယောက် ဖမ်းခံလိုက်ရတယ်။ အဲဒီညနေဘက်မှာပဲ အထောက်အထား စာရွက်စာတမ်းရှိတဲ့ ၄ ယောက် ပြန်လွတ်လာတယ်။ အထောက်အထား နည်းနည်းရှိတဲ့ ၁ ယောက်ကိုတော့ ပိုက်ဆံပေးပြီး ထုတ်တယ်။ အထောက်အထား လုံးဝမရှိ‌တဲ့သူတွေကတော့ ခုလက်ရှိ လုံးဝကို ထုတ်လို့မရဘူး။”

ဖမ်းဆီးခံရတဲ့ မြန်မာ ၅၀ ကျော် အပါအဝင် နိုင်ငံခြားသား ၅၀၀ ကျော်ကို ကွာလာလမ်ပူ‌ ရဲလေ့ကျင်းရေးစင်တာမှာ မှတ်တမ်းယူဖို့ ခေါ်ဆောင်သွားတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မလေးရှာနိုင်ငံ၊ နီဂရီဆန်လီယမ်ပြည်နယ်မှာ အောက်တိုဘာ ၃၁ ရက်ကလည်း တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၅၃ ဦး အပါအဝင် ၂၁၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013