
မလေးရှားနိုင်ငံကနေ ပြန်ပို့ခံလိုက်ရတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ လောက်ထဲကနေ ရခိုင်ပြည်နယ် မှတ်ပုံတင် ၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ သူ ၄၀၀ လောက်ကိုတော့ မိသားစုဝင် လာခေါ်မှ စစ်အာဏာရှင်တပ်က ပြန်လွှတ်ပေးနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
မလေးရှားက ပြန်ပို့ခံရပြီးနောက်မှာ တခြားသူတွေလို ပြန်မလွှတ်ဘဲထားတဲ့ ရခိုင်ပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူ ၄၀၀ ကျော်ထဲက မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိတွေ လာခေါ်သူတွေကိုတော့ အောက်တိုဘာ ၂၈ ရက် မနက်အစောပိုင်းကမှ လွှတ်ပေးနေတာလို့ ပြန်လွတ်လာသူ တယောက်ရဲ့ ဖခင်က ပြောပါတယ်။
“ကျနော့်သား အိမ်ပြန်ရောက်ပါပြီ၊ မနေ့မနက်ကနေ အကုန်ပြန်ခိုင်းပြီ၊ မိသားစုနဲ့ အဆက်အသွယ် လုပ်နေတဲ့သူတွေ မိသားစုဝင်တွေ လာကြိုတဲ့သူရှိမှ ပြန်ရတာပါ၊ လွတ်တာကတော့ အကုန်လွတ်ပါ တယ်၊ ဒါပေမဲ့ လာကြိုမဲ့သူမရှိရင်တော့ ပေးမပြန်ပါဘူး။ တချို့က မိသားစုဝင်တွေ မရှိကြတော့ဘူးလေ။ တယောက်တော့ လာကြိုရမှကို ပြန်လွှတ်တာပါ။”
အောက်တိုဘာ ၄ ရက်နေ့ ရန်ကုန်ကို စစ်သင်္ဘာတွေနဲ့ ပြန်ရောက်ရှိချိန်ကစပြီး “၁၁ မျဉ်းစောင်း” ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုး ၄၀၀ ကျော်ကို ပြန်လွှတ်မပေးသေးဘဲ သန်လျင်မြို့နယ် ဘုန်းကြီးကျောင်းနဲ့ လှိုင်သာယာမြို့နယ်တွေမှာ ယာယီထားရှိထားပြီး စစ်အာဏာရှင်တပ်က အလုပ်အကိုင်ရှာဖွေပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းသိမ်းထားခဲ့တာပါ။
တဖက်မှာလည်း ထိန်းသိမ်းခံထားရသူတွေထဲမှာ မိသားစုဝင်တွေ မရှိသူတွေလည်း ရှိနေတဲ့အတွက် စစ်အာဏာရှင်တပ်ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးနီးစပ်သူတွေ လာခေါ်မှာ ပြန်လွှတ်ပေးမဲ့ ကိစ္စအပေါ် မေးခွန်းထုတ်စရာတွေလည်း ရှိနေပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ နေရပ်ပြန်ပို့ပေးမဲ့ အစီအစဉ်ကြောင့် မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ယောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာစစ်သင်္ဘာတွေနဲ့ ပြန်ခေါ်ဆောင်လာခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ပြန်ရောက်လာခဲ့ပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မလေးရှား ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ ၁၀,၃၈၈ ယောက်အထဲက မြန်မာနိုင်ငံသား ၅,၀၀၀ လောက်ကို အသုတ်လိုက် ပြန်ပို့နိုင်ဖို့ ဆက်လက်စီစဉ်နေတယ်လို့ လည်း သိရပါတယ်။
မလေးရှားအစိုးရကတော့ ဒီအစီအစဉ်ကို “ဆန္ဒအလျောက် နေရပ်ပြန်ပို့ခြင်း” လို့ ဆိုထားပေမဲ့ UNHCR အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခအခြေအနေတွေကြောင့် ပြန်လည်ရောက်ရှိလာသူတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါကြောင့် လက်ရှိမှာလည်း နောက်ထပ်ပြန်ပို့မဲ့ အစီအစဉ်တွေကို ရပ်တန့်ပေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မလေးရှားအစိုးရကို တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားလွှတ်တော်မှာလည်း မလေးရှားအစိုးရကို လွှတ်တော်အမတ်တွေက မေးခွန်းထုတ်နေကြတာကြောင့် အစိုးရတာဝန်ရှိသူတွေက ဖြေရှင်းနေကြရပါတယ်။











