DVB Logo
Home
မြန်မာသတင်း
Toe Tet အထည်ချုပ်စက်ရုံက ကလေးလုပ်သားများကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ပြီး စက်ရုံနေရာပြောင်းဖွင့်ရန် စီစဥ်
DVB
·
December 23, 2023
Toe Tet အထည်ချုပ်စက်ရုံက ကလေးလုပ်သားများကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ပြီး စက်ရုံနေရာပြောင်းဖွင့်ရန် စီစဥ်
Donate to DVB

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ Toe Tet အထည်ချုပ်စက်ရုံက စက်ရုံနေရာကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ကြေညာထားပြီး အသက် ၁၈ နှစ်အောက် အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်လိုက်တယ်လို့ အဲဒီစက်ရုံ အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM)ထံက သိရပါတယ်။

တရုတ်နိုင်ငံသားပိုင် Toe Tet အထည်ချုပ်စက်ရုံဟာ ပိတ်သိမ်းတော့မယ်လို့ နိုဝင်ဘာလက ကြေညာခဲ့ပြီး နို့တစ် တလ သတ်မှတ်ခဲ့ပေမဲ့ စက်ရုံကို မပိတ်တော့ဘဲ လှည်းကူးမြို့နယ်ဆီ ပြောင်းရွှေ့ ဖွင့်လှစ်မှာဆိုပြီး အလုပ်သမားတွေကို ပြန်အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

နေရာပြောင်းဖွင့်တဲ့ဆီမှာ အသက် ၁၈ နှစ်အထက် အလုပ်သမားတွေ လက်ရှိရာထူး၊ လစာအတိုင်း ခံစားခွင့်နဲ့ လိုက်ပါလုပ်ကိုင်နိုင်တယ်ဆိုပြီး စက်ရုံဘက်ကကြေညာခဲ့ပြီး ကျန်အလုပ်သမားတွေအတွက် နစ်နာကြေး ဘယ်လိုပေးမယ်ဆိုတာတော့ ရှင်းလင်းပြောဆိုတာ မရှိသေးဘူးလို့  STUM တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီစက်ရုံက နဂိုကတည်းက ကလေးလုပ်သားတွေ အများကြီး ခန့်ထားတာ။ အသက် ၁၄ နှစ် ၊ ၁၅ နှစ်အရွယ်တွေတောင် ပါတယ်။ အခု စက်ရုံရွှေ့မှ တာဝန်မဲ့ အလုပ်ထုတ်လိုက်တဲ့ သဘောပဲ။”

Toe Tet အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀၀ လောက်ရှိပြီး တဝက်လောက်ဟာ အသက်မပြည့်သေးတဲ့ ကလေးလုပ်သားတွေ ဖြစ်တယ်လို့ အဲဒီစက်ရုံ အလုပ်သမားတချို့က လည်း ပြောပါတယ်။

စက်ရုံအလုပ်သမားတဦးက “ကလေးတွေက အလုပ်ရှာရခက်လို့ လိုက်ချင်ပေမဲ့ စက်ရုံဘက်က လက်မခံဘူးပြောတယ်”လို့ ပြောပါတယ်။

အဲဒီ ကလေးလုပ်သားတွေကို စာရွက်အလွတ်မှာ လက်မှတ်ရေးထိုးခိုင်းပြီး ကိုယ့်သဘောနဲ့ အလုပ်ထွက်သလို စက်ရုံဘက်က ပုံဖော်နေသလို ပြောင်းရွှေ့ရာ လိုက်ပါလိုတဲ့သူတွေကို ဆရာဝန်ထောက်ခံစာ တောင်းခိုင်းတာ၊ သက်ဆိုင်ရာကိုတိုင်ရင် အသက်လိမ်လည် အလုပ်ဝင်တယ်ဆိုပြီး တရားပြန်စွဲမယ်ဆိုပြီး ခြိမ်းခြောက်တာ ရှိနေတယ်လို့လည်း STUM ထံက သိရပါတယ်။

စက်ရုံဘက်က ပိတ်သိမ်းမယ် စတင်ကြေညာစဉ်ကနေ အခုအချိန်အထိ သက်ဆိုင်ရာ အလုပ်သမားရုံးတွေက အလုပ်သမားတွေရဲ့ နစ်နာမှုအတွက် ဖြေရှင်းပေးတာမရှိဘူးလို့ ဆိုပါတယ်။

အလုပ်ဆက်မခန့်တော့တဲ့ အလုပ်သမားတွေအတွက် နစ်နာကြေး မပေးတဲ့ကိစ္စ သက်ဆိုင်ရာ   Toe Tet အထည်ချုပ်စက်ရုံတာဝန်ရှိသူတွေ ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

Toe Tet အထည်ချုပ်စက်ရုံဟာ ကိုရီးယားအပ်ထည်  CHASECULT အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတာဖြစ်ပြီး ကလေးလုပ်သား လက်ခံခိုင်းစေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအတွက်  မှတ်တမ်းတင်ထားတယ်လို့  STUM တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013