DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက် ကလေးလုပ်သားဦးရေ တိုးလာ
DVB
·
June 12, 2024
စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက် ကလေးလုပ်သားဦးရေ တိုးလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ကျင့်သုံးလိုက်ပြီးနောက်မှာ ကလေးလုပ်သားဦးရေ တိုးမြင့်လာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့မှာ ထုတ်ပြန်တဲ့ ILO ရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံအတွင်း အခြေအနေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ ရွေးချယ်ထားတဲ့ ပြည်နယ်​တွေမှာ ပြုလုပ်ခဲ့တဲ့ ကလေးအလုပ်သမား ဖြစ်ရပ်​တွေဆိုင်ရာ ILO လေ့လာမှုမှာ တွေ့ရှိချက်​တွေအရ အဲဒီပြည်နယ်တွေမှာ ကလေးအလုပ်သမား​တွေ အကြောင်းအရာများစွာကြောင့် တိုးပွားလာနေတယ်လို့ ဆိုပါတယ်။

အချက်များစွာထဲက စစ်မှုထမ်းခြင်းကို ရှောင်ကြဉ်တဲ့ နည်းလမ်းအဖြစ် မိဘ​တွေက သူတို့ရဲ့ ကလေး​တွေကို အလုပ်လုပ်ကိုင်ဖို့ လိုလားတာကြောင့် ကလေးအလုပ်သမားတွေ များပြားလာတာ ​ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာတာနဲ့အမျှ နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်မှာ နေထိုင်ကြပြီး ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ၃ သန်းကျော်ထဲမှာ ၃ ပုံ ၁ ပုံဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီနှစ်အစောပိုင်းမှာ စတင်ကျင့်သုံးလိုက်တာကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးသူတွေ ပိုမိုတိုးပွားလာစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ILO မြန်မာဆက်သွယ်ညှိနှိုင်းရေး အရာရှိ ယူထုံလျူက “မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေနဲ့ ပဋိပက္ခတွေ တိုးလာနေတာကြောင့် ကျနော်တို့ လေးနက်စွာ စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးလုပ်သား တိုးပွားလာတယ်လို့ ILO က ထောက်ပြထားပေမဲ့ စစ်ကောင်စီက ကလေးလုပ်သားပပျောက်ရေးကို နိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းအနေနဲ့ အရှိန်မြှင့် လုပ်ဆောင်နေတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတဦးက “အထွေထွေစီးပွားရေးကျပ်တည်းမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်ငန်းခွင် ဝင်ရောက်ကြရတဲ့ ကလေးအလုပ်သမားတွေ တိုးလာတာ ငြင်းမရသလို ပြည်ပထွက်သူ များလာတာလည်း ပကတိ အခြေအနေအမှန်ပဲ” လို့ ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ခန့်မှန်းခြေ ကလေး သန်း ၁၆၀ ဟာ ကလေးအလုပ်သမားတွေအဖြစ် ပါဝင်နေဆဲဖြစ်ပြီး ၇၉ သန်းမှာ အဆိုးဝါးဆုံး ပုံစံတွေနဲ့ ကလေးအလုပ်သမား ခိုင်းစေခြင်းထဲက တခုဖြစ်တဲ့ ဘေးအန္တရာယ်ရှိတဲ့ အလုပ်တွေမှာ ပါဝင်လုပ်ကိုင်နေကြရတယ်လို့ ILO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013