DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၌ ခရစ္စမတ်ပွဲတော်များ အကျဉ်းချုံးသာ ကျင်းပမည်
DVB
·
December 22, 2023
ချင်းပြည်နယ်၌ ခရစ္စမတ်ပွဲတော်များ အကျဉ်းချုံးသာ ကျင်းပမည်
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် နေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဗုံးကြဲ တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးမှုကြောင့် ဘာသာရေးအဆောက်အအုံနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ပျက်စီးကုန်တဲ့အတွက် ချင်းဒေသခံပြည်သူတွေဟာ ခရစ္စမတ် ဘာသာရေးပွဲတော်ကျင်းပဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ အနောက်ဘက်အကျဆုံး ပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းကျော် နေထိုင်ကြပြီး ပြည်နယ်လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကျော်ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်တွေအရ သိရပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေမှာ  လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဘာသာရေးအဆောက်အအုံပေါင်း ၉၅ ခု ပျက်စီးခဲ့ရပါတယ်။

ရမ်ထလိုဘုရားကျောင်း သိက္ခာတော်ရဆရာတော်က “ရွာက ကလေး-ဟားခါး လမ်းမကြီးပေါ်မှာရှိတော့ စစ်ကြောင်းထိုးတာတို့ ၄ ကြိမ်လောက်တော့ စကစနဲ့ ဒေသကာကွယ်ရေးတွေနဲ့ ထိပ်တိုက် ထိတွေ့တိုက်ပွဲတွေ ရှိဖူးတယ်။ ၄ ကြိမ်လောက် စစ်ဘေးရှောင်ရတယ်။ အခုက ဘုရားကျောင်းလည်း ပျက်စီးသွားပြီ။ ရွာမှာလည်း အိမ်ခြေ ၃၈ အိမ်လောက် မီးလောင်ထားတော့လေ ရွာမှာ မနေရဲကြတော့ဘူး။ တောင်ယာတွေ၊ တဲတွေမှာပဲ နေတယ်။ တချို့တွေက စစ်ဘေးရှောင်ပြီး တခြားဒေသတွေမှာ ပြောင်းနေကြတယ်။ ခရစ္စမတ်ကာလတောင် အရင်လို လူစုံပြီး သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပနိုင်ဖို့ အခြေအနေ မဖြစ်တော့ဘူး ဒီနှစ်က” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာက ဘုရားကျောင်း ပျက်စီးခဲ့ပြီး ဒေသခံတွေ ဘုရားဝတ်ပြုဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။

ဘုရားကျောင်းပျက်စီးသွားတဲ့ ကျေးရွာတွေမှာတော့ ခရစ္စမတ်ပွဲတော်ကို အရင်ကလို စည်ကားစွာ မကျင်းပနိုင်တော့ဘဲ ကလေးငယ်တွေ ခရစ္စမတ် အခါသမယကို မမေ့လျော့ဖို့သာ အကျဉ်းချုံးကျင်းပဖို့ အစီအစဉ်ရှိပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်အတွင်းက ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဓမ္မအမှုတော်ဆောင် ဆရာတော် ၅ ပါးနဲ့ သင်းထောက်လူကြီး ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ဓမ္မအမှုတော်ဆောင် ဆရာတော်တပါးကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ထားပါတယ်။

ချင်းပြည်နယ်ရဲ့ တိုက်ပွဲတွေကြောင့် ပြည်သူအများစုဟာ ဘေးလွတ်ရာကျေးရွာတွေနဲ့ အိန္ဒိယနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်နေကြရပြီး ခရစ္စမတ်ကာလမှာ လူစုံဖို့တောင် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရမ်ထလိုဘုရားကျောင်း သိက္ခာတော်ရဆရာတော်က “ဘုရားကျောင်းက အောက်တိုဘာ ၁၂ ရက်တုန်းက လေယာဉ်နဲ့ ဗုံးကြဲခံထားတာဆိုတော့လေ။ ဘုရားကျောင်းတော့ အသုံးပြုလို့ မရတော့ဘူး။ အရင်လို ကျင်းပဖို့ အခြေအနေက မပေးတော့ ခရစ္စမတ်ကာလကို ကလေးတွေ မမေ့လျော့အောင် အကျဉ်းချုံးကျင်းပဖို့ရှိတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ အခုနှစ် အောက်တိုဘာ ၁ ရက်အထိ ဘာသာရေးအဆောက်အအုံ ပျက်စီးမှုမှာ ကန်ပက်လက်မြို့နယ်အတွင်း ၉ ကျောင်း၊ မတူပီမြို့နယ်အတွင်း ၇ ကျောင်း၊ မင်းတပ်မြို့နယ်အတွင်း ၇ ကျောင်း၊ ဟားခါးမြို့နယ်အတွင်း ၁၆ ကျောင်း၊ ထန်တလန်မြို့နယ်အတွင်း ၃၅ ကျောင်း၊ ဖလမ်းမြို့နယ်အတွင်း ၁၃ ကျောင်း၊ တီးတိန်မြို့နယ်အတွင်း ၆ ကျောင်းနဲ့ တွန်းဇံမြို့နယ်အတွင်း ၆ ကျောင်း အသီးသီးပျက်စီးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013