DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်ရုံအချို့ပိတ်သိမ်း၊ အလုပ်သမား လူ ၂၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေ
DVB
·
December 22, 2023
ဧရာဝတီတိုင်းတွင် စက်ရုံအချို့ပိတ်သိမ်း၊ အလုပ်သမား လူ ၂၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေ
Donate to DVB

ဧရာ၀တီတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ဖြစ်စဉ်ကြောင့် အထည်ချုပ်စက်ရုံတွေ ပိတ်တာ၊ အလုပ်သမားတွေ လျှော့ချတာကြောင့် အခုနှစ် ၁၁ လအတွင်း အလုပ်သမား အယောက် ၂၀၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ အလုပ်သမား အရေးကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

အလုပ်သမား အင်အား ၉၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံနဲ့ အလုပ်သမားအင်အား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ပုသိမ်မြို့၊ ကွင်းအမှတ် ၅၀/သစ်ညိုကုန်းကွင်း၊ တဲကြီးကုန်းလမ်း အမှတ် ၁၁ ရပ်ကွက်ရှိ Myanmar All Rich အထည်ချုပ်စက်ရုံတို့ ပိတ်သိမ်းခဲ့တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။ 

“မအူပင် ၊ ကန်ကြီးထောင့် သာပေါင်း ဘက်မှာလည်း အလုပ်ပြုတ်တာ တွေရှိတယ်။ အလုပ်လက်မဲ့ဖြစ်တဲ့သူ ဦးရေဟာ အားလုံး ပေါင်းလိုက်ရင် ၂၀၀၀ နီးပါးလောက်ရှိတယ်။ ဒီကနေ့အထိ အလုပ်ပြန်မရသေးဘူး။ ဒါက အာဏာသိမ်းတဲ့ အကျိုးဆက်ပေါ့။'

အလုပ်လက်မဲ့ အထည်ချုပ် အလုပ်သမားတယောက်က'' အထည်အော်ဒါမှာယူတာ မရှိတော့လို့ ပိတ်တာတဲ့။ နှစ်လ ပိတ်မယ်လို့ပြောတယ်။ အခုအထိ ပြန်ဖွင့်ဖို့မသေချာဘူး။ အလုပ်ကရက်ရှည် မရှိတော့ အခု အဆောင်ခပေးဖို့မရှိဘူး၊ စားဖို့လည်း မရှိဘူးဖြစ်လာတယ်။ တချို့အလုပ်သမားတွေက ပြန်ဖွင့်မလားဆိုပြီး စောင့်နေတယ်။ တချို့က ရွာပြန်ကုန်ကြတယ်၊ ရွာပြန်တဲ့သူတွေက အကြွေးကင်းတဲ့သူတွေပါ။ တချို့က အလုပ်သစ် ထပ်ရှာနေတယ်။ အလုပ်သစ် တခုကလည်း အခုခေတ်မှာရဖို့က တော်တော် မလွယ်ဘူး။ အလုပ် လက်မဲ့ဖြစ်ရ တဲ့သူ ဦးရေက နည်းမှ မနည်းတာ။ သက်ဆိုင်တဲ့ ဌာနအဖွဲ့အစည်းတွေက ကုစားတဲ့အနေနဲ့ အလုပ်ဖန်တီးပေးဖို့ ပြောချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကြီးမားတဲ့ ပြဿနာတွေ အငတ်ဘေးတွေ ဖြစ်ပေါ်လာနိုင်တယ်” လို့ ပြောပါတယ်။

လုပ်သားအလျှော့ခံရတဲ့ အထဲမှာပါတဲ့ အထည်ချုပ် အလုပ်သမားတယောက်ကလည်း ''ကျမဆို အထည်ချုပ်စက်ရုံကနေ အလုပ်ပြုတ်လို့ ရန်ကုန်ဘက်တက်ပြီး အလုပ်ရှာနေတာ။ ရန်ကုန်ဘက်ကလည်း အလုပ်ကနေ လူမလိုတာ၊ လုပ်သားလျှော့ချတာ၊ စက်ရုံပိတ်တာ၊ လုပ်အားခနဲ့ အခြားအခက်အခဲတွေကြောင့် အလုပ်သမားတွေ ဆန္ဒပြနေတာတွေဖြစ်နေတယ်။ ကိုယ်က မတိုးသာဘူး၊ အလုပ်ရှာရတာ ၉ လကျော်လာပြီး အခုအထိ အဆင်မပြေ အလုပ်မရဘူးဖြစ်နေတယ်''လို့ ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်နေရတဲ့ အလုပ်သမား ၂၀၀၀ နီးပါးထဲမှာ စက်ရုံနဲ့ နီးစပ်တဲ့ ရပ်ကွက်တွေကို မိသားစုလိုက်ရွှေ့ပြောင်းပြီး အဆောင်ငှားနေတဲ့ အထည်ချုပ် အလုပ်သမား မိသားစုတွေ၊ စက်ရုံကရတဲ့ လစာကိုပဲ အားကိုးနေရတဲ့သူတွေအတွက် ဘဝပျက်တဲ့အထိ ဖြစ်နေတယ်လို့ အထည်ချုပ် အလုပ်သမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက အထည်ချုပ်စက်ရုံတွေမှာ လျှပ်စစ်မီး ပုံမှန်မလာတဲ့အခါ အလုပ်နားနေရတာကြောင့် လုပ်သားတွေရဲ့ အလုပ်အချိန်ထဲက ငွေအချို့ကို ပြန်လည်ဖြတ်တောက်တာတွေ လုပ်နေတာကြောင့် နစ်နာမှုတွေလည်း ရှိနေတယ်လို့ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013